မေလ ၆ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး
ကရင်စာပေနှင့် ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းက ဦးဆောင် ပြုလုပ်သည့် ၄၉ ကြိမ်မြောက် ကရင် စာပေနှင့် ယဉ်ကျေးမှု စုပေါင်းသင်တန်းဆင်းပွဲကို ကရင်ပြည်နယ်၊ မြဝတီမြို့ ၊ ထာဝရ ကရင်နှစ်သစ်ကူး ကွင်း၌ ယနေ့ (မေလ ၆ ရက်)မှ စ၍ စတင်ဖွင့်လှစ်လိုက်ပြီးဖြစ်သည်။
ကျင်းပရေးကော်မတီနှင့် စာပေယဉ်ကျေးမှု ခေါင်းဆောင်များ၊ ကရင်ဘာသာရေး ခေါင်းဆောင်များနှင့် ကရင် လက်နက်ကိုင်ခေါင်းဆောင်အချို့တို့မှ အထိမ်းအမှတ်ကျောက်တိုင်နှင့် စင်မြင့်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နောက် ယနေ့ (မေလ ၆ ရက်)မှ စ၍ စာပေ၊ ယဉ်ကျေးမှုနှင့် အနုသုခုမဆိုင်ရာ ပြိုင်ပွဲများကို စတင်ကျင်းပ နေ ပြီး ဖြစ်သည်။
ကျင်းပရေးကော်မတီ ဥက္ကဌ စောထွန်းဝေက “ကိုယ့်စာပေဖြစ်တဲ့ စကော၊ အရှေ့ပိုးကရင်စာ (လိက်ထူးလီ)၊ တလာညာ့ စတဲ့ စာပေယဉ်ကျေးမှု တိုးတက်ဖို့နဲ့ နောင်လာမဲ့ ကလေးတွေ သင်ယူတတ်မြောက်နိုင်ဖို့အတွက် ဒီလို သင်တန်းဆင်းပွဲမျိုး လုပ်ခြင်းဖြစ်တယ်။ ကိုယ့်စာပေ ယဉ်ကျေးမှုကို မထိန်းသိမ်းဘူးဆိုရင်တော့ စာပေ ယဉ်ကျေးမှုပျောက်ရင် ကိုယ့်ကရင် လူမျိုးပျောက် ကွယ်သွားမှာဖြစ်တဲ့အတွက်ကြောင့် နောင်လာမဲ့ ကလေး တွေ ကိုယ့်စာပေယဉ် ကျေးမှုကို သိအောင်လုပ်ပေးရခြင်းဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

မေလ ၆ ရက်မှ ၉ ရက်နေ့အထိ ပြုလုပ်မည့် ၄ ရက်တာ သင်တန်းဆင်းပွဲတွင် စကော၊ အရှေ့ပိုး(လိက်ထူးလီ)၊ တလာညာ့ အစရှိသည့် စာပေဖြေဆိုပြိုင်ပွဲ၊ ဒေသအလိုက် ဒုံး(၃၄)ဖွဲ့၏ အကပြိုင်ပွဲ၊ ဆုတောင်းတေး သီဆိုပြိုင် ပွဲ၊ တစ်ကိုယ်တော် တေးသီချင်းသီဆိုမှုအပြင် ကရင်ရိုးရာ တူရိယာအတီးအမှုတ်ပြိုင်ပွဲများကိုပါ ထည့်သွင်းပြု လုပ်သွားမည်ဟု ဦးဆောင်ကျင်းပသူများက ပြောသည်။
ယခုပြုလုပ်သည့် စုပေါင်းသင်တန်းဆင်းပွဲသို့ ကရင်ပြည်နယ်အပါအဝင် မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့်ဧရာဝတီ တိုင်းမှ ကရင်လူငယ်မောင်မယ်သင်တန်းသားများနှင့် သင်တန်းဆရာများ၊ အကဲဖြတ်ဒိုင်များ စုစုပေါင် လေး ထောင်(၄,၀၀၀) ကျော် ပါဝင်တက်ရောက်လျက်ရှိသည်။
ဖားအံမြို့နယ်၊ တလာညာ့ကျေးရွာမှ ပါဝင်တက်ရောက်သူ စောဘလေးရှေးက “ကျနော်တို့ ကရင်လူမျိုးတွေရဲ့ စာပေ တိုးတက်ဖွံ့ဖြိုးဖို့ သူများနောက်မှာ မကျန်ရစ်စေဖို့နဲ့ ယဉ်ကျေးမှုတွေ မတိမ်ကောစေဖို့ ဆက်လက်တည် တံ့စေဖို့အတွက် ဒီလိုလာရောက်စုပေါင်းသင်တန်းဆင်းခြင်းဖြစ်တယ်။ ကျနော်တို့ မျိုးဆက်သစ်တွေအနေနဲ့ ကိုယ့်စာပေ ကိုယ့်လူမျိုးကို ပိုမိုချစ်မြတ်နိုးဖို့ နှစ်တိုင်းလိုလို သင်တန်းတွေဖွင့်ပြီး ပြန်သင်ကြားပေး တာမျိုး လုပ်ပေးပြီး ဒီကိုလာပြီး စုပေါင်းဆင်းကြတယ် ” ဟု ပြောသည်။
ပြီးခဲ့သည့် ၄၈ ကြိမ်မြောက် စုပေါင်းသင်တန်းဆင်းပွဲကို ၂၀၁၈ ခုနှစ်၊ မေ ၇ ရက်မှ ၁ဝ ရက်နေ့အထိ ဖားအံမြို့ နယ်၊ ကော့ပရံ ရွာ၌ ပြုလုပ်ကျင်းပခဲ့သည်။ လာမည့် နှစ် (၅၀)ပြည့် ရွှေရတု စုပေါင်းသင်တန်းဆင်းပွဲကို ဖားအံ ခရိုင်၊ တောင်ကလေး ကျေးရွာတွင် ပြုလုပ်သွားမည်ဟု သိရသည်။



















