Home သတင်း KNU နှင့် မွန်ပြည်သစ်ပါတီတို့ နှစ်ဖက်စစ်‌ရေးတင်းမာမှု ‌ပြေလည်မှုရရှိ

KNU နှင့် မွန်ပြည်သစ်ပါတီတို့ နှစ်ဖက်စစ်‌ရေးတင်းမာမှု ‌ပြေလည်မှုရရှိ

4873

‌မေလ ၄ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် မွန်ပြည်သစ်ပါတီ -NMSP တို့ သစ်ထုတ်လုပ်မှုကိစ္စနှင့် နယ်‌မြေအငြင်းပွားမှု‌ကြောင့် ဖြစ်ပွားခဲ့သည့် နှစ်ဖက် စစ်‌ရေးတင်းမာမှုကို ‌မေလ ၃ရက်(ယမန်‌နေ့)က ဘုရားသုံးဆူမြို့နယ်၊ သဘာဝ‌ရေတံခွန်‌နေရာ၌ ‌တွေ့ဆုံညှိနှိုင်း‌ဆွေး‌နွေးမှုအရ ‌ပြေလည်မှုရရှိသွားပြီဟု သိရသည်။

ဘုရားသုံးဆူမြို့နယ် ဒဒိန်အနီးတစ်ဝိုက်တွင် ဧပြီလ ၂၉ ရက်‌နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှ စစ်‌ရေးတင်းမာမှု အ‌ခြေအ‌နေ ဖြစ်‌ပေါ်လာမှုကို ‌တွေ့ဆုံညှိနှိုင်းခဲ့ရာတွင် သစ်ထုတ်လုပ်မှု၊ လမ်း‌ဖောက်လုပ်မှုများ ဆက်မလုပ်ရန်နှင့် မူလ‌နေထိုင်သည့် ‌နေရာ တွင်သာ ‌နေထိုင်ပြီး အ‌ကြောင်းအရာ တစ်စုံတခု ဖြစ်လာလျှင် နှစ်ဖက်အသိ‌ပေးသွားလာ‌နေထိုင်ရန် စသည့် သ‌ဘောတူညီချက် များရရှိသည်ဟု KNU ဒူးပလာယာခရိုင် ဥက္ကဌ ပဒို‌စော‌ရွှေ‌မောင်းက ယ‌နေ့ (မတ်လ ၄ ရက်) ‌ကေအိုင်စီသို့ ‌ပြောသည်။

“သစ်ထုတ်လုပ်တဲ့အပြင် လမ်းပါ‌ဖောက်တယ်ဆို‌တော့ ဆက်ပြီးမထုတ်ဖို့‌ပေါ့‌နော်။ မူလ‌နေတဲ့‌နေရာမှာ ပြန်‌နေကြပြီး‌တော့ နှစ် ဖက်အသိ‌ပေးသွားလာ‌နေထိုင်ကြဖို့ သ‌ဘောတူညီချက် ရတယ်။ ဆူဆူပူပူ မဖြစ်‌စေချင်ဘူး။ ဒုက္ခဖြစ်ခဲ့ရတဲ့ လူထု‌တွေရဲ့ ဆန္ဒ ‌တွေကို ဖြည့်ဆည်းသွားကြဖို့ နှစ်ဖက်တပ်‌တွေကို တိုက်တွန်းချင်ပါတယ်” ဟု KNU ဒူးပလာယာခရိုင် ဥက္ကဌ ပဒို‌စော‌ရွှေ‌မောင်းက ‌ပြောသည်။

အဆိုပါ ညှိနှိုင်းမှုတွင် KNU ဘက်မှ ဒူးပလာယာခရိုင်ဥက္ကဌ ပဒို‌စော‌ရွှေ‌မောင်း၊ တပ်မဟာ (၆) ဗျူဟာမှူး ဗိုလ်မှူးကြီး‌စောဂျိုးဆွာ၊ တပ်ရင်း ၁၆ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး‌စော‌ရွှေဝင်းနှင့် မွန်ပြည်သစ်ပါတီမှ ဗဟိုဝန်းကျင်‌ဒေသ ဦးစီးအဖွဲ့ ဥက္ကဌ နိုင်တူးရာမန်၊ တပ်ရင်း ၅ တပ်ရင်းမှူး နိုင်စိုက်ချမ်းတို့ ဦး‌ဆောင် အဖွဲ့ဝင် ၆ ဦးတို့ တက်‌ရောက်ညှိနှိုင်း‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူမြို့နယ် ဥက္ကဌ နိုင်အာကာက “‌အောက်‌ခြေအပိုင်းမှာ နားလည်မှု‌လေး လွှဲသွားတာပါ။ မူရင်း‌နေထိုင် တဲ့‌နေရာမှာပဲ အခုတပ်‌တွေ ပြန်ဆုတ်‌နေကြပြီး‌ပေါ့‌နော်။ အပြစ်မဲ့လူထု‌တွေ သွားလာ‌ရေးအဆင်‌ပြေ‌အောင် ‌ဆောင်ရွက်တာပါ။ ရည်မှန်းထားတဲ့ ခရီးပန်းတိုင်မ‌ရောက်‌သေးခင်မှာ ကရင်‌ရော၊ မွန်‌ရော ကံကြမ္မာဖန်တီးခွင့်ရတဲ့အထိ ပန်းတိုင်ကို အတူ လက်တွဲ သွားမယ်” ဟု ယ‌နေ့ ‌ကေအိုင်စီသို့ ‌ပြောသည်။

KNU-ကရင်အမျိုးသားအစည်းအရုံးနှင့် မွန်ပြည်သစ်ပါတီ-NMSP အဖွဲ့တို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘော တူ စာချုပ် (အန်စီ‌အေ) လက်မှတ်ထိုးထားသည့် အဖွဲ့ဖြစ်ပြီး ၁၉၈၈ ခုနှစ်၊ ဘုရားသုံးဆူမြို့တွင် ရက်‌ပေါင်း ၂ဝ ‌ကျော်ကြာ ပစ်ခတ် မှုဖြစ်ခဲ့ပြီး‌နောက် ၂ဝ၁၆ ခုနှစ်တွင် တစ်‌ကျော့ပြန်တိုက်ပွဲငယ်များ ၁ဝ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့‌ကြောင်း တာဝန်ရှိသူထံမှ သိရသည်။