Home သတင်း မြဝတီ-‌ကော့ကရိတ် အာရှလမ်း ‌မြေသားဖုံးလွှမ်းခြင်း ဖယ်ရှားရှင်းလင်းမှုများ မပြီးပြတ်‌သေး

မြဝတီ-‌ကော့ကရိတ် အာရှလမ်း ‌မြေသားဖုံးလွှမ်းခြင်း ဖယ်ရှားရှင်းလင်းမှုများ မပြီးပြတ်‌သေး

4244
မြဝတီ-‌ကော့ကရိတ် အာရှာလမ်းမ ‌မြေပြိုမှု မြင်ကွင်း Photo-Thant Zin Aung Fb

ဇူလိုင် ၁၂ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

ကရင်ပြည်နယ်၊ မြဝတီ-‌ကော့ကရိတ် အာရှလမ်းမ ကီလိုမီတာ ၁၅၄ လမ်းပိုင်း လမ်းမ‌ပေါ် ‌မြေသားဖုံးလွှမ်းမှုများကို ဖယ်ရှားရှင်းလင်းရာတွင် ကားအသွား အလာများနှင့် ဆက်လက်ပြို ကျမှုများ‌ကြောင့် ရှင်းလင်း‌နေမှုများကို ပြုလုပ်‌နေရ ဆဲ ဖြစ်‌ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်‌နေ့က အဆိုပါ ‌နေရာတွင် ‌တောင်‌မြေပြိုကျမှုဖြစ်ပွားခဲ့သည့်အတွက် ကားလမ်းမ‌ပေါ် ‌ပေ ၁၀ဝ ခန့် ‌မြေသားဖုံးလွှမ်းမှု ဖြစ်‌ပေါ်ခဲ့ပြီး ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များ သွားလာမှုကို ယာယီပိတ်ထားခဲ့ရသည့် အ‌ခြေအ‌နေဖြစ်‌ပေါ်ခဲ့ခြင်းဖြစ်သည်။

မြဝတီ (အမှတ်-၂)မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ဦးသန့်ဇင်‌အောင်က “‌မြေစာပုံက တအားကြီးတဲ့ အခါကျ‌တော့ ပထမပြိုတဲ့‌မြေက ခုပြိုမယ့်‌မြေကို ခုထားသလို ဖြစ်တာ‌ပေါ့။ ‌အောက်‌ခြေကို ဖြိုလိုက်တာနဲ့ အ‌ပေါ်က နည်းနည်း‌လေး ပြန်ပြိုတာ‌ပေါ့‌နော်။ ကားအသွားအလာကလည်းရှိ‌တော့ နှစ်နာရီခွဲ သုံးနာရီ‌လောက် ‌မြေစာ‌တွေရှင်း ပြီးတာနဲ့ လမ်းဖွင့်ပြီး ကား‌တွေကို မြဝတီဘက်ခြမ်း‌ရော ‌ကော့ကရိတ်ဘက် အခြမ်း‌ရော ကား‌တွေပြန်လွှတ် ပြီးရင် ကားပြန်ပိ်တ် ပြန်လုပ်ဆို‌တော့ အချိန် ကြန့်ကြာတာ‌ပေါ့‌နော်” ဟု‌ပြောသည်။

မိုးရွာသွန်းမှု ‌လျော့နည်းလာပြီး ‌မြေစာများလည်း ‌နောက်ထပ်ပြိုကျမှုများ မရှိခဲ့ပါက တစ်ရက်နှစ်ရက် အတွင်း လမ်းမ ‌ပေါ် ‌မြေသားဖုံးလွှမ်းမှုများကို အပြီးသတ် ဖယ်ရှား ရှင်းလင်းသွားနိုင်မည်ဖြစ်‌ကြောင်းလည်း တာဝန်ရှိသူများက ‌ပြော သည်။

ဦးသန့်ဇင်‌အောင်က “ ရှင်းလင်းပြီးမှ ပြန်ပြီးပြိုကျလာမယ်ဆိုရင် ဆက်ပြီး‌တော့ ကြာသွားမှာ‌ပေါ့။ ‌မြေစာပုံ ‌တွေ ဖယ်ပြီးတာနဲ့ အ‌ပေါ်‌ကြောမှာရှိတဲ့ ‌တောင်က ‌ဇောက်နည်းနည်းမြင့်‌တော့ အ‌ပေါ်ယံ‌ကြောကို ဖြတ်ချရမယ် ။ အဲ့လိုလုပ်မှ သာလျှင် အ‌ပေါ်မှာရှိတဲ့ ‌မြေဝိတ်ကို ‌လျှော့ချနိုင်မယ်။ အချိန်‌တော့ နည်းနည်းယူရမှာ‌ပေါ့ ။ အဲ့လိုလုပ်မှလည်း ဖြစ်မယ် ။ လုပ်ဖို့လည်း စီစဉ်ထားပါတယ်” ဟု ဆက်‌ပြောသည်။

အဆိုပါ လမ်းရှင်းလင်း ‌ဆောင်ရွက်‌နေမှုများကို လမ်းဦးစီးဌာနမှ ‌ကော့ကရိတ်ခရိုင် AE (လက်‌ထောက် အင်ဂျင်နီယာ) နှင့် မြဝတီ AE အပါအဝင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ ၊ သက်ဆိုင်ရာ အ‌ထွေ‌ထွေ အုပ်ချုပ်‌ရေးမှူးများ အပြင် ဆက်စပ်ဌာနများမှ ဝိုင်းဝန်း လုပ်‌ဆောင် ‌ပေး‌နေ‌ကြောင်း သိရသည်။