ဇူလိုင် ၁၁ရက်၊ ၂၀၁၈ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံအရေး ပြန်လည်သုံးသပ်ခြင်းနှင့် နိုုင်ငံတကာ စိန်ခေါ်မှုများဖိုရမ် (Burma Review and Challenges International Forum-BRACIF)ကို ဂျပန်နိုင်ငံ၊ နာဂိုယာမြို့ရှိ Aichi Gakuin University ရှိ Campus နှစ်ခုတွင် ဇူလိုင်လ ၇ရက်မှ ၉ရက်နေ့အ ထိ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနှင့် နိုင်ငံတကာမှ တတ်သိပညာရှင်ပေါင်း (၅၃)ဦး တက်ရောက်ဆွေးနွေး ဖလှယ်ခဲ့ကြသည်။
ယခုဖိုရမ်မှာ ဒုတိယအကြိမ်ဖြစ်ပြီး Aichi Gakuin University မှ ပါမောက္ခချိုစိန်ယာမာဟာတာ(Chosein Yamahata)က ဦးဆောင်ကာ ပါမောက္ခ မာကီကိုတာကီဒါ(Makiko Takeda)နှင့်အတူ ကမကထပြု ကျင်းပခဲ့ခြင်းဖြစ်ပြီး ဖိုရမ်တွင် Panel ၁၁ခု၊ စားပွဲဝိုင်းဆွေးနွေးပွဲနှစ်ခု အပါအဝင် Key Note တစ်ခုနှင့် Special lecture အစီအစဉ်များ ပါဝင်ကြောင်း ပါမောက္ခချိုစိန်က ပြောဆိုသည်။
၎င်းက “အားလုံးခြုံပြောလိုက်ရင် ကဏ္ဍကြီး ၁၅ခုရှိတယ်။ ၁၅ခုမှာ ကျနော့်အနေနဲ့ ကျေနပ်အားရမှုကို ပြောရရင် ဆွေးနွေးတဲ့သူ တွေရဲ့တက်ကြွမှု၊ ဆွေးနွေးတဲ့အချက်အလက် ဒုတိယနေ့။ တတိယနေ့ကတော့ ဆွေးနွေးမှုတွေအပေါ်ကနေ ပေါက်ဖွားလာတဲ့ နားလည်ချက်နဲ့ စတုတ္ထအချက်က နားလည်မှုပေါ်မူတည်ပြီးတော့ ရှေ့ဘာဆက်ပြီးတော့ ဆွေးနွေးမလဲ၊ ဘာဆက်ပြီးတော့ ဘယ်လိုပရော့ဂျက်(လုပ်ငန်းစဉ်)တွေလုပ်မယ်၊ ဘယ်လိုဆုံးဖြတ်မယ်ဆိုတဲ့ ငါးချက်ရှုထောင့်ကိုကြည့်ပြီးတော့ တော်တော့်ကို အားရတယ်။ ရာနှုန်းပြည့်အားရတယ်လို့ ပြောလို့ရပါတယ်။”ဟု ကေအိုင်စီသို့ ဇူလိုင် ၉ရက် ညနေက ပြောသည်။
ထို့အပြင် ဖိုရမ်ကို ရည်ရွယ်ချက် ၃ခုမှာ မြန်မာပြည်၏ အရေးကြီး အခြေအနေများ၊ တိုးတက်မှု အေးချမ်းမှု လူသားများ လုံခြုံမှု၊ အခြားနိုင်ငံများ လူမှုအဖွဲ့အစည်းများ လူသားများနှင့် တန်းတူဆက်ဆံရာတွင် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန်၊ နိုင်ငံဂုဏ် သိက္ခာရှိစွာ ရပ်တည်နိုင်ရန်၊ သတင်းအချက်အလက် ဖွံ့ဖြိုးပြန့်ပွားခြင်းနှင့် ဆွေးနွေးညှိနှိုင်းခြင်း။ မြန်မာ၊ အာရှတိုက်နှင့်ပတ်သက် သော အတတ်ပညာရှင်၊ အသိပညာရှင်များစုစည်းပြီး ဂျပန်က တခြားနိုင်ငံများနှင့် ပူးပေါင်းကာ မည်သည့်သုတေသနများ လုပ် ဆောင်သင့်သည်ကိုဆုံးဖြတ်နိုင်ရန်၊ တရားဥပဒေစိုးမိုးရေးနှင့် အခက်အခဲကြုံချိန်တွင် ဂျပန်ပြည်သူ၊ ဂျပန်နိုင်ငံရေးသမားများ သိ ရှိပြီး တတ်နိုင်သမျှ ကူညီနိုင်ရေး မျက်ခြေမပြတ်ရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ၎င်းပါမောက္ခက ရှင်းပြပြောဆိုသည်။
“ပညာရှင်များရှင်းလင်းမှုနှင့် မြန်မာနိုင်ငံ၏ မူဝါဒဆိုင်ရာကဏ္ဍများ”ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့သည့် ၎င်းဖိုရမ်သို့ တက်ရောက်ကြသူ များထဲတွင် ဂျပန်၊ ထိုင်း၊ မြန်မာ၊ အမေရိကန်၊ ဩစတြေးလျား၊ အဂင်္လန်၊ ဒိန်းမတ်နှင့် ဂျာမဏီနိုင်ငံများမှ သုတေသနပညာရှင် များ၊ ရုပ်သံမှတ်တမ်းကျွမ်းကျင်သူ၊ မီဒီယာလုပ်ကိုင်နေသူများ၊ သက်ဆိုင်ရာနိုင်ငံများ၏ တက္ကသိုလ်များမှ ပညာရှင်များ ပါဝင်ခဲ့ ကြသည်။
အဆိုပါဖိုရမ်တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီမြင်ကွင်း၊ ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ။ လူနည်းစု လူများစု ဆက်ဆံရေး၊ တိုင်းရင်းသားလူမျိုးများလက္ခဏာနှင့် မတူကွဲပြားသော ယဉ်ကျေးမှုများ။ လူသားအရင်းအမြစ်၊ ကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် အဆင့် မြင့်ပညာရေး။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် ရွှေ့ပြောင်းကလေးငယ်ဘဝ မှတ်တမ်းရုပ်သံ။ ဓလေ့ထုံးတမ်းတရားစီရင်ရေးနှင့် တရားရုံးစီရင်မှု၊ နယ်စပ်လူမှုအသိုင်းအဝိုင်းအတွက် မယ်တော်ဆေးခန်း၊ လူထုအခြေပြုအဖွဲ့များနှင့် တိုင်းရင်းသားအဖွဲ့အစည်း များကို တင်ပြဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကမ္ဘာလုံးဆိုင်ရာတန်ဘိုး၊ နိုင်ငံသားလွတ်လပ်ခွင့်နှင့် စာပေလွတ်လပ်ခွင့်။ ရိုးရာအလေ့အထနှင့် လူမှုအသိုင်းအဝိုင်း၏ ရင်းနှီးမှု။ တိုင်းရင်းသားဒေသများ၏ နေ့စဉ်တရားမျှတမှု။ အပစ်အခတ်ရပ်စဲရေးရှုထောင့်နှင့် ဒေသန္တရ အသက်မွေးဆိုင်ရာများ။ မီဒီယာ လွတ်လပ်ခွင့်၊ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လှုံ့ဆော်မှု။ ရွေးကောက်ပွဲ၊ အစိုးရဆိုင်ရာနှင့် နိုင်ငံတကာ အထောက်အကူဆိုင်ရာများအပြင် စကားဝိုင်းဆွေးနွေးပွဲအဖြစ် မြန်မာနိုင်ငံ၏ လုံခြုံရေးဆိုင်ရာ အခြေအနေများ၊ နယ်စပ်ဒေသ နှင့် နိုင်ငံရေးစိန်ခေါ်မှုများကို ဆွေးနွေးဖလှယ်သုံးသပ်ခဲ့ကြသည်။
သျှမ်းပြည်နယ်မှ လာရောက်ကာ မှတ်တမ်းရုပ်သံ တင်ဆက်သူ စိုင်းစိုင်းက “ကျနော်က freelance film maker အနေနဲ့ တက် ရောက်တာဖြစ်တယ်။ သံလွင်မြစ်နဲ့ ပတ်သက်တဲ့ မန်းတုံမှာဆောက်မယ့် ဆည်အကြောင်းကို ကျနော် လာပြတယ်။ ဒါနဲ့ဆို ဒုတိ ယအခေါက်ပေါ့။ နောက်တခုက ကျနော်တို့နိုင်ငံက ကလေးတွေ ထိုင်းနိုင်ငံထဲကို လာရောက်နေထိုင်တဲ့အကြောင်း မောင် ထောင်းဒီကို high light လုပ်ပြီး နိုင်ငံမဲ့နေတဲ့ ကလေးတွေအကြောင်း ကျနော် လာပြသတာဖြစ်တယ်။ ဒီကိုလာခြင်းအားဖြင့် ကျနော့်အတွက်က ကွန်ရက်တွေ၊ ချိတ်ဆက်မှုတွေ ရတယ်။ နောက်ပြီး အခြားသူတွေတင်ပြတာတွေကို ကြားသိရတော့ ကျနော် ဆက်လုပ်မယ့် ပရော့ဂျက်တွေအတွက် အိုင်ဒီယာရလာတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ဒုတိယအကြိမ် BRNCIF ဖိုရမ်ကို ဦးဆောင်သူ၏ ငွေကြေးမတည်မှုအပြင် Heinrich Boll Stiftung (HBS), Marathon Myan-mar, Project Diplomacy Academic နှင့် Danish Institutes for International Studies (DIIS) အဖွဲ့အစည်းများက ကုန် ကျမှုများကို ပူးပေါင်းထည့်ဝင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်ဟုလည်း သိရသည်။
ပထမအကြိမ် ဖိုရမ်ကို ၂၀၀၉ခုနှစ်၊ မတ်လ ၁၃ရက်မှ ၁၅ရက်နေ့ကလည်း ဂျပန်နိုင်ငံ၌ပင် ကျင်းပခဲ့ပြီး ၂၀၁၀ရွေးကောက်ပွဲ မတိုင်ခင် မြန်မာပြည်၏ နိုင်ငံရေးအခြေအနေများကို သုံးသပ်ဆွေးနွေးခဲ့ကြသည်ဟုလည်း ဦးဆောင်ကျင်းပသူများ၏ ပြောဆို ချက်အရ သိရသည်။



















