ဇူလိုင် ၁၄ ရက်၊ ၂၀၁၈ ခုနှစ်။ စောရှား
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းများတွင် မူလရှိနေသည့် ပုံစံအတိုင်း နိုင်ငံတော်အလံနှင့် ကရင်အမျိုးသားအလံတို့ ဆက်လက် ထားရှိသွားမည့် သဘောတူ ညီမှုရရှိခဲ့ကြကြောင်း သိရသည်။
KNU-ကရင်အမျိုးသားအစည်းအရုံး၏ ပညာရေးဌာန-KEDနှင့် ကရင်ပြည်နယ် ပညာရေးညွွှန်ကြားရေးမှူးအဖွဲ့ တို့က ဇူလိုင် ၁၃ ရက်နေ့တွင် ပြည်နယ်ပညာရေးမှူးရုံး၌ ဆွေးနွေးအပြီး ယခုလို သဘောတူညီမှုရရှိ ခြင်းဖြစ် သည်ဟု (KNU) ဝင်းရေးမြို့နယ် ကရင်ပညာရေးဌာန(KED) ဒုပညာရေးမှူး မန်းရှားထူးဝေါ်က ပြောသည်။
၎င်းက “ယာယီတို့၊ ရပ်စဲတို့၊ ဆိုင်းငံ့တို့၊ ရပ်ဆိုင်းတာတို့ မဟုတ်ပဲ အရင်က နဂို ပကတိ ရှိနေတဲ့ အတိုင်း အလံတွေကို ချစ်ချစ်ခင်ခင် ငြိမ်းငြိမ်းချမ်းချမ်း အတူတူယှဉ်တွဲပြီး ဆက်လက် ထားရှိသွားမယ်လို့ အားလုံးက သဘောတူညီခဲ့ပါတယ် ”ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းများတွင် နိုင်ငံတော်အလံ နှင့် ကရင်အမျိုးသားအလံ ယှဉ်တွဲထားရှိမှု မပြုလုပ်စေရန် မြို့နယ်ပညာရေးမှူးရုံးက သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၊ ကျောင်းအုပ်စုမှူးများထံသို့ ဇွန် ၂၇ ရက်နေ့တွင် အကြောင်းကြားစာများကို ပေးပို့ခဲ့ရာမှ ယခုလို ကိစ္စဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အစိုးရပညာရေးဝန်ထမ်း အများစုက ထိုကိစ္စများကြောင့် စိုးရိမ်မှုရှိနေခဲ့ပြီး အချို့သော ကျောင်းများတွင် ကရင်အမျိုးသားအလံအား ဖြုတ်သိမ်းခြင်း၊ ယှဉ်တွဲလွှင့်ထူမှုမရှိစေရန် နေရာ ပြောင်းရွှေ့ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
သို့သော် အလံယှဉ်တွဲထားရှိမှု မပြုရေး ကိစ္စသည် ပညာရေးပိုင်းမှ စီစဉ်ညွှန်ကြားခြင်းမဟုတ်ဘဲ အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှ အဆင့်ဆင့် ညွှန်ကြားမှုများကြောင့် ယခုလို ကိစ္စရပ်များ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်းလည်း ကရင်ပြည်နယ်ပညာရေးညွွှန်ကြားရေးမှူးအဖွဲ့ဝင်များက ယမန်နေ့ ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။
အစိုးရ အခြေခံပညာစာသင်ကျောင်းပေါင်း ၂၅၆ ကျောင်းရှိနေသည့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း တွင် ကျောင်းအများစုမှာ နိုင်ငံတော်အလံနှင့်အတူ ကရင်အမျိုးသားအလံ လွှင့်ထူထားကြောင်း ယင်းမြို့နယ်၏ ဒုပညာရေးမှူးက မီဒီယာများသို့ ပြောသည်။
အစိုးရထိန်းချုပ်နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ် နယ်မြေ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်တို့သည် နှစ်ဖက်အုပ်ချုပ်နေသော နယ်မြေများဖြစ်ပြီး ထိုနယ်မြေအတွင်းရှိ ခုံခံ(ခိုးခေါ)ကျေးရွာမှ မူလတန်းစာသင်ကျောင်း၌ လွှင့်ထူထားသော ကရင်အမျိုးသားအလံကို တိုင်းမှူး လာမည် ဟု အကြောင်းပြချက်ဖြင့် လမ်းလုံခြုံရေးယူသည့် အစိုးရ တပ်မတော်၏ တပ်ဖွဲ့ဝင်များက ၂၀၁၆ ခုနှစ်၊ နိုဝင် ဘာလ ၁၁ရက်နေ့တွင် ဖြုတ်သိမ်းမှု ဖြစ်ပွားခဲ့ဖူးသည်။
ဒူးပလာယာခရိုင်တွင် KNUနှင့် အစိုးရတို့အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ရေးထိုးခဲ့ပြီးနောက် ကရင်ပညာရေးဌာနနှင့် အစိုးရပညာရေးဌာနတို့ ရောနှောအုပ်ချုပ်သည့် စာသင်ကျောင်းတိုင်းတွင် ကရင်အမျိုးသားအလံကို လွှင့်ထူထား လေ့ရှိသည်ဟုလည်း သိရသည်။