မေ ၂၉ ရက်၊ ၂၀၁၇ ခုနှစ်။ စောခါးစူးညား
ဖားအံမြို့နယ် ကော့ရင်းအထက်(ကော့ရိ)ကျေးရွာအုပ်စုနှင့် နောင်ကျန်(ဖောကလော့)ကျေးရွာအုပ်စု အကြား လုပ်ဆောင်နေသည့် တောင်ကလေးကျောက်တောင် ကျောက်ထုတ်လုပ်ငန်းအပေါ် စိုးရိမ်မှုများ ဆက်ရှိနေ ကြောင်း တောင်ကလေးတောင် ကျောက်ထုတ်လုပ်ငန်းနှင့် အနီးဆုံး အခြေစိုက် နေထိုင်သည့် တောင်ကုန်းရွာဒေသခံများက မေ ၂၇ ရက်နေ့က ထပ်မံသဘောထား ပေးခဲ့သည်။
တောင်ကုန်းကျေးရွာ၌ ကော့ရင်းအထက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စောရွှေသိန်း ဦးစီးအဖွဲ့မှ တောင်ကုန်းဒေသခံများအား သွားရောက်တွေ့ဆုံစဉ် ဒေသခံများဘက်က တောင်ကလေး ကျောက်ထုတ် လုပ်ငန်းတွင် ကန့်ကွက်မှုများရှိနေသည့်တိုင် ကျောက်မိုင်းခွဲမှု အရှိန်ပြင်းထန်လျှက်ရှိပြီး ဒေသခံများ၏ လုပ်ခွင့်ရရှိပါက အခြေအနေ ပို၍ပင် ဆိုးနိုင်မည်ဟု သဘောထားပေးခဲ့ကြခြင်းဖြစ်သည်။
ယင်းကိစ္စအပေါ် ကော့ရင်းအထက်အုပ်ချုပ်ရေးမှူး စောရွှေသိန်းက “ဒီတောင်မှာ လုပ်နေတဲ့ ကျောက်ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး ရွာသားတွေရဲ့ သဘောထားကို မေးကြည့်တော့ ကျောက်မိုင်းခွဲတဲ့ အခါ ပေါက်ကွဲသံ ပြင်းထန်တာ၊ မြေတုန်ခါမှုရှိတာ အဲဒီအခြေအနေတွေ ပြောပြတယ်။ ဒါကြောင့် လုပ်ခွင့်သာ သူတို့ ခွင့်ပြုပေးရင် ပိုဆိုးလာမလားဆိုပြီး စိုးရိမ်နေတာပါ”ဟု ကေအိုင်စီသို့ ပြောသည်။
တောင်ကလေးကျောက်တောင် ကျောက်ထုတ်လုပ်ငန်း၌ လုပ်ငန်းရှင်များသည် လက်လုပ်လက်စားအဖြစ် သက်ဆိုင်ရာ အစိုးရဌာန၏ ခွင့်ပြုချက် ရရှိထားကြောင်း၊ ယခု ၂၀၁၇ ဖေဖော်ဝါရီ လဆန်းပိုင်းတွင် သက်တမ်းကုန်ပြီးနောက် အသေးစားလုပ်ခွင့်အဖြစ် အစိုးရထံ စာတင်ထားကြောင်းနှင့် ယခုထိ ယင်းလုပ်ခွင့်သက်တမ်းစာမှာ လုပ်ငန်းရှင်များ လက်ဝယ်သို့ မရောက်ရှိသေးဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။
ယင်းကျောက်ထုတ်လုပ်ငန်းတွင် လုပ်ငန်းရှင်များအဖြစ် ဦးခင်မောင်ကျော်နှင့် ဦးလူခင်တို့က ဆယ်နှစ်ကျော် လုပ်ကိုင်လာခဲ့ပြီး ထိုသို့ လုပ်ကိုင်ရာ၌ ကျောက်မိုင်းခွဲမှုကြောင့် တောင်ခြေရှိ လယ်ကွင်းများ ပျက်စီးခြင်း၊ တောင် ကမ်းပါးရှိ သီတာအေးလှိုင်ဂူဘုန်းကြီးကျောင်း အဆောက်အဦးများနှင့် ဘုရားဆင်းတုတော်များ ကျောက်ခဲလွှင့် စင်ပျက်စီးခြင်း၊ မြေတုန်ခါခြင်း၊ ဒေသခံများ ထိတ်လန့်ခြင်း၊ ပတ်ဝန်းကျင် ဆူညံခြင်း စသည်တို့ ဆက်လက်ဖြစ် ပေါ်လျှက်ရှိသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ကော့ရင်းအထက်အုပ်ချုပ်ရေးမှူးနှင့် တောင်ကုန်းရွာ ဒေသခံတို့ တွေ့ဆုံပွဲ၌ ဒေသခံ ၄ဝ နီးပါး တက်ရောက်ခဲ့ပြီး တွေ့ဆုံပွဲအတွင်း အုပ်ချုပ်ရေးမှူးက ကျေးရွာအတွက် ကျန်းမာရေး၊ ပညာရေးနှင့် အခြား ဖွံ့ဖြိုးရေးဆိုင်ရာများ အကူအညီ လိုအပ်ပါက တင်ပြကြရန် ရှင်းပြပြီး ဒေသခံများက ဖွံ့ဖြိုးရေးသည် ကောင်းသောအရာ ဖြစ်၍ လိုလားသော်လည်း တောင်ကလေးတာင် ကျောက်လုပ်ငန်းကဲ့သို့ ဖွံ့ဖြိုးမှုမျိုး ကြည့်လျှင် စိုးရိမ်မှုများ ရှိနေသည်ဟု ပြောဆိုခဲ့ကြသည်။
“အုပ်ချုပ်ရေးမှူးကတော့ ဖွံ့ဖြိုးရေးအတွက် ငွေတွေ ဘာတွေ လိုအပ်ရင် တောင်းလို့ ရတယ်ပေါ့။ ဖွံ့ဖြိုးရေးကို လူတိုင်းလိုချင်တာပါ။ ဒါပေမဲ့ ဒီတောင်မှာ လုပ်နေတဲ့ ကျောက်ထုတ်လုပ်ငန်းနဲ့ ပတ်သက်ပြီး စာရွက်စာတမ်း ကျနော်တို့ တွေ့ချင်တယ်ပေါ့။ တွေ့ပြီးလို့ လက်ခံသင့်၊ မသင့် ကျနော်တို့ ဆုံးဖြတ်ကြမယ်လို့ သူ့ကို ပြန်ပြောပါတယ်”ဟု တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ တောင်ကုန်းရွာဒေသခံ စောဇာလီက ကေအိုင်စီသို့ ပြောသည်။
တောင်ကုန်းကျေးရွာသည် ကရင်ပြည်နယ် ဖားအံမြို့နယ်၊ ကော့ရင်းအထက် ကျေးရွာအုပ်စုရှိ တောင်ကလေးကျောက်တောင် အရှေ့ဘက်ခြမ်း ကျောက်ထုတ်လုပ်ငန်းနှင့် နှစ်ဖာလုံသာ ကွာဝေးသော အိမ် ၇ဝ ကျော် အခြေစိုက်သည့် ကရင်လူမျိုးကျေးရွာဖြစ်သည်။
တောင်ကလေးတောင် ကျောက်ထုတ်လုပ်ငန်းသည် ဘေးပတ်ဝန်းကျင် ထိခိုက်မှုများ ရှိသည့်အတွက် ရပ်တန့်ပေးရန် တောင်၏ အနောက်ဘက်ခြမ်း နောင်ကျန်အောက်ရွာမှလည်း ပြည်နယ်အစိုးထံသို့ ဧပြီ ၂၇ ရက်နေ့၌ ကန့်ကွက်စာ တင်ထားသည်။