အောက်တိုဘာ ၂၅ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ၊ ကယာချီးကျေးရွာအတွင်း၌ အောက်တိုဘာ ၂၃ရက်၊ နေ့လည် ၁၂နာ ရီအချိန်ခန့်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ခြင်းအပေါ် ကေအဲန်ယူက စုံစမ်းနေသည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအဲန် ယူ)၊ တောင်ငူခရိုင် ဥက္ကဌ ပဒိုစောအယ်ဝါးက ကေအိုင်စီသို့ ယမန်နေ့ ပြောသည်။
၎င်းက “ကျနော်တို့ ဒီမနက်ကြားတော့ သွားစုံစမ်းခိုင်းတယ်။ အဲဒီနားက အိမ်ရှင်ပြောတာက တစ်ယောက်ယောက်က ငါးရှာပြီး လက်ပစ်ဗုံးသုံးတာလားပေါ့။ ပေါက်ကွဲတဲ့ အပိုင်းအစတွေကလည်း ခေါင်မိုးပေါ်အထိ ရောက်တယ်။ ဘယ်လိုကနေ ဘယ်လိုဖြစ် လဲတော့ သူတို့မသိဘူး။ လက်ပစ်ဗုံးဆိုတာက ဖွင့်မှ ပေါက်တာကြီးကို တစ်စုံတစ်ခုက လုပ်ထားတာလား မသိဘူး။ ဒီကိစ္စကို ပို သေချာအောင် ကျနော်တို့လည်း ဆက်ပြီးစုံစမ်းပါတယ်”ဟု ပြောသည်။
ပေါက်ကွဲမှုဖြစ်သည့်ဗုံးမှာ လက်ပစ်ဗုံးဟု ယူဆရပြီး ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာအနီးတွင် လက်ပစ်ဗုံးအစအနများ တွေ့ရှိရသ ဖြင့် လက်ပစ်ဗုံးကွဲသည်ဟု ဒေသခံများက ယူဆနေကြသလို ရွာအနီးချောင်းအတွင်း ငါးရှာသူများက ဗုံးဖြင့် အသုံးပြုလေ့ရှိ ကြောင်း ဒေသခံများ၏ ပြောဆိုနေမှုကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသွားသူ ဒေသခံ ငါးဦးကို သံတောင်ကြီးမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသထားရပြီး အမျိုးသား ၃ဦး၊ အမျိုးသမီး ၂ဦးပါ အဆိုပါဒဏ်ရာရသူများမှာ အခင်းဖြစ်ပွားရာအနီးရှိ နေအိမ်မှဖြစ်ပြီး ၎င်းတို့မှာ မည်သူမည်ဝါ ဖြစ်သည်ကို သိရှိနိုင်ရန် ကေအိုင်စီက ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရရှိဘဲ ဖြစ်နေသည်။
ကယာချီးကျေးရွာ အနီးတဝိုက်သို့ ကေအဲန်ယူ၊ ကရင်နီပြည် အမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် အစိုးရတပ်မတော်တို့ မကြာခဏ ဝင်ထွက်သွားလာလေ့ရှိပြီး ရောနှောအုပ်ချုပ်နေသည့် ဒေသဖြစ်ရာ လက်ပစ်ဗုံးများကိုလည်း မှောင်ခိုဈေးကွက်နှင့် လက်နက်ကိုင်များထံမှ ရရှိနိုင်ကြောင်း ပဒိုစောအယ်ဝါးက ဆက်ပြောသည်။


















