အောက်တိုဘာ ၂၄ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဆောင်နေသည့်ကာလ ကရင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်မှ စစ်ရေးတိုးချဲ့မှုများ ဆက် လက် မလုပ်ဆောင်ရေးအပြင် တပ်စခန်းများ ရုပ်သိမ်းပေးရေးအတွက် ဒေသခံလူထုက လိုလားနေကြကြောင်း ကရင်လူ့ အခွင့်အရေးအဖွဲ့-KHRG က အောက်တိုဘာလ ၂ဝရက်နေ့တွင် အစီရင်ခံစာတစ်ခု ထုတ်ပြန်ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဖြစ်သည့် ကရင်ပြည်နယ်တွင် ၂၀၁၂ခုနှစ်မှ ၂၀၁၆ခုနှစ်အတွင်း မြန်မာ့တပ်မတော်၏ စစ်ရေးတိုးချဲ့ မှုများကြောင့် ဖြစ်ပေါ်လာသည့် လူထုများ၏ စိုးရိမ်မှု၊ လိုလားမှုများနှင့် ပတ်သက်၍ KHRG မှ အချက်အလက်များ စုဆောင်းပြီး အစီရင်ခံစာတစ်ခုထုတ်ပြန်ကာ ယခုလို ပြောဆိုလိုက်ခြင်းဖြစ်သည်။
“၂၀၁၂ခုနှစ် နှောင်းပိုင်းကာလတွေမှာ လုပ်အားပေးခိုင်းစေတာလျော့နည်းသွားသလို လွတ်လပ်စွာ သွားလာခွင့်ရတာတွေတော့ ရှိတယ်။ ဒါပေမဲ့ ပြည်သူတွေအနေနဲ့ပြောတာက သူတို့အင်မတန်မှ စိုးရိမ်မှုဖြစ်စေတာကတော့ ပဏာမ အပစ်ခတ်ရပ်စဲရေးနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှုရရှိတဲ့ အတောအတွင်း စစ်ဖက်ဆိုင်ရာ လှုပ်ရှားမှုတွေဖြစ်ပါတယ်”ဟု KHRG မှ ပြောခွင့်ရသူ စောဝေလေးက ကေအိုင်စီသို့ ပြောသည်။
ယခု ထုတ်ပြန်လိုက်သည့် အစီရင်ခံစာမှာ စစ်ရေးလှုပ်ရှားမှုများကြောင့် ဖြစ်ပေါ်လာသည့် ဒေသခံများ၏ စိုးရိမ်မှုဖော်ပြချက်များ ကို အစိုးရ၊ တပ်မတော်အပြင် ကရင်လက်နက်ကိုင်တပ်ဖွဲ့များစသည့် သက်ဆိုင်ရာအာဏာပိုင်များမှ အရေးယူဆောင်ရွက်ပေး နိုင်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်းလည်း စောဝေ့လေးက ဆက်လက်ပြောဆိုသည်။
KHRG အဖွဲ့၏ အဆိုအရ ပြည်သူလူထုစိုးရိမ်မှုဖြစ်ပေါ်စေသည့် စစ်ရေးတိုးချဲ့လှုပ်ရှားမှုများမှာ တပ်စခန်းအသစ်များ ဆောက် လုပ်ခြင်း၊ ကျေးရွာအတွင်းနှင့် အနီးတစ်ဝိုက်တွင် တပ်စခန်းများ ဆက်လက် တည်ရှိနေသေးခြင်း၊ စစ်သင်တန်းပေးခြင်းနှင့် ကင်း လှည့်ခြင်း စသည်တို့ဖြစ်ပြီး ၎င်းတို့မှာ ကရင်ပြည်နယ်မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ပိုများကြောင်း သိရသည်။
အဆိုပါ စစ်ရေးလှုပ်ရှားမှုများကြောင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီး ယင်း၏ နောက်ဆက်တွဲအကျိုးဆက်များအဖြစ် လူ့အ ခွင့်အရေးချိုးဖောက်ခံရမှုများ၊ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်မှုများ၊ သတ်ဖြတ်မှုများ၊ အိုးအိမ်ပစ်၊ ထွက်ပြေးတိမ်းရှောင်နေရမှုများ ထပ်မံ ဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် တပ်မတော်မှ တပ်စခန်းများ ပြန်လည်ရုပ်သိမ်းပြီး စစ်ရေးလှုပ်ရှားမှုများအား ရပ် တန့်ပေးရန် ဒေသခံပြည်သူများ လိုလားနေကြခြင်း ဖြစ်သည်။
ကော့ကရိတ်မြို့နယ်အတွင်းရှိ အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးက “ကျမလိုချင်တာက မြန်မာအစိုးရဟာ မိဘဖြစ် တဲ့အလျောက် သူ့ရဲ့ဒေအသီးသီးမှာရှိတဲ့ စစ်သားတွေကို သူ့မူလနေရင်းအရပ်ကို ပြန်ခိုင်းစေချင်တယ်။ နယ်ခြားစောင့်တပ်နဲ့ တပ်မတော်က စစ်သားတွေကိုပြန်ဖို့ အမိန့်ပေးပါ။ တကယ်လို့ ပြန်ခေါ်လိုက်ရင် ဒေသခံပြည်သူတွေ အေးအေးချမ်းချမ်း နေရ လိမ့်မယ်”ဟု ပြောသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးပြီးနောက် နှစ်ဖက်တပ်များ လိုက်နာရမည့် စည်း ကမ်းချက်များနှင့်ပတ်သက်ပြီး စောင့်ကြည့်လေ့လာရေးအတွက် ပူးတွဲကော်မတီများ အသီးသီး ဖွဲ့စည်းထားနိုင်သော်လည်း တပ် ပိုင်းဆိုင်ရာ နေရာထားရေးအတွက် ယနေ့အထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)၏ စစ်ဖက်ဆိုင်ရာအရာရှိများက သုံးသပ်ပြောဆိုနေကြသည်။
၎င်းအပြင် ကရင်ပြည်နယ်အတွင်း မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ဆံများ၊ မတူးဖော်ရသေးသည့် မြေမြှုပ်မိုင်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့အချို့၏ မြေယာသိမ်းဆည်းမှုများအပြင် တိုက်ပွဲများ ဆက်လက် ဖြစ် ပွားမှုများရှိနေသေးသည့်အတွက် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းများပါ ထိခိုက်လာသည့် အခြေအနေများ ဖြစ်ပေါ်နေ ကြောင်း KHRG က ပြောဆိုထားသည်။
ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG သည် ကရင်ဒေသအတွင်း ဖြစ်ပွားသော လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများအား ဒေသအသီး သီးတွင် အဖွဲ့ဝင်များထားရှိပြီး ကွင်းဆင်း အချက်အလက်များ ရယူစုဆောင်းက အများပြည်သူသိရှိရန် နှစ်စဉ် အစီရင်ခံစာများ ထုတ်ပြန်ပေးနေသည့်အဖွဲ့ ဖြစ်သည်။



















