စက်တင်ဘာလ ၁၇ရက်၊ ၂၀၁၆ခုနှစ်။ စောသိန်းမြင့်
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်( RCSS/SSA) နှင့် တအာင်း (ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့အကြား ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများသည် လူမျိုးရေးပဋိ ပက္ခအထိ ကူးစက်မဖြစ်ပွားနိုင်ကြောင်း ရှမ်းနှင့် ပလောင်(တအာင်း)ခေါင်းဆောင်များက ပြောသည်။
ရှမ်းနှင့် ပလောင် တိုင်းရင်းသားများသည် ရှေးယခင်ကတည်းက အတူနေထိုင်လာခဲ့ခြင်းဖြစ်၍ လက်နက်ကိုင်နှစ်အဖွဲ့အကြား တိုက်ပွဲမှ ကြီးမားသည့် လူမျိုးရေးပဋိပက္ခအထိ ဖြစ်ပွားနိုင်စရာ အကြောင်းမရှိဟု ကျောက်မဲမြို့၊ မဲဆန္ဒနယ်(၂) ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က စက်တင်ဘာလ ၁၃ရက်နေ့က ပြောသည်။
“ဒါက စစ်ပွဲဖြစ်လာပြီးတော့မှ ဒီလိုမျိုးကိစ္စပါလာတယ်။ ဒါပေမယ့် စိုးရိမ်ရတဲ့ အနေအထားမရှိပါဘူး။ ဒါက အချိန်တစ်ခုဆိုရင် ပြန်ကုစားနိုင်တဲ့ အနေအထားပါ။ လူမျိုးတစ်မျိုးနဲ့ တိုက်ခိုက်နိုင်လောက်တဲ့ အနေအထားမရှိဘူး။ လူမျိုးရေးအထိ ဖြစ်ပွားနိုင်တဲ့ အနေအထားမရှိဘူး။ အဲဒါကတော့ ကျနော်ယုံကြည်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံနှင့် ကျောက်မဲ အစရှိသည့်ဒေသများတွင် ၂၀၁၆ခုနှစ်ဆန်းပိုင်းမှ စတင်ကာ RCSS/SSAနှင့် TNLA အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာတွင် ရှမ်း၊ ပလောင်လူထုအကြားအထိ တစ်ဖက်နှင့် တဖက် အမြင်မကြည်လင်မှုများ၊ အပြန်အလှန် ပုတ်ခတ်ပြောဆိုမှုများ ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။

တအာင်းအမျိုးသားပါတီ(TNP) ဗဟိုအလုပ်အမှုဆောင် ဦးလှကျော်က “ဒီပြဿနာက လက်နက်ကိုင်နှစ်ဖွဲ့ရဲ့ ပြဿနာပဲဖြစ် တယ်။ ရှမ်းနဲ့ ပလောင်ဆိုတာလည်း ညီအစ်ကိုတွေပဲကိုး။ ကျနော်တို့ အတူတူ ဒွန်တွဲနေထိုင်လာခဲ့တာပဲ။ ဒါက ကြီးကြီးမားမား မဖြစ်နိုင်ပါဘူး။”ဟု ပြောသည်။
စစ်ရေးပဋိပက္ခမှ လူမျိုးရေး ပဋိပက္ခအထိ ကူးစက်မသွားစေရန် ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းက လားရှိူးမြို့တွင် ပလောင်လူ ငယ်အဖွဲ့နှင့် ရှမ်းလူငယ်များအကြား အမြင်သဘောထားများဖလှယ်ကြသည့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည်ဟုု ဦးလှ ကျော်က ဆက်ပြောသည်။
တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)မှ ကျောက်မဲမြို့ စာကြည့်တိုက် တာဝန်ခံဖြစ်သူ လွေးဂျူးငယ်ကလည်း လက်နက်ကိုင် နှစ်ဖွဲ့အကြား စစ်ရေးပဋိပက္ခမှ လူငယ်ထုများအကြားတွင် လူမှုရေး ပဋိပက္ခအသွင်ဆောင်လာခြင်းသည် လူမှုကွန်ယက်စာမျက် နှာ၏ သွေးထိုးလှုံ့ဆော်မှုကြောင့်ဟု ပြောသည်။
သူမက “ဒီဟာတွေ မဖြစ်အောင် ကျမတို့ ဝပ်ရှော့ခ်(အလုပ်ရုံဆွေးနွေးပွဲ) လုပ်တယ်။ ရှမ်းလူထုနဲ့ ပလောင်လူထုတွေကြားမှာပေါ့ နော်။ ဒါပေမယ့် ကျမတုို့ ဒီ့ထက်လုပ်ဖို့တော့ လိုအပ်ပါသေးတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
RCSS နှင့် TNLA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် နမ္မတူ၊ သီပေါ၊ ကွတ်ခုိုင်၊ မန်တုံနှင့် ကျောက်မဲမြို့နယ်များတွင် ရှမ်းနှင့် ပလောင်ပြည်သူ တစ်သောင်းဝန်းကျင်အထိ ထွက်ပြေးတိမ်းရှောင်နေကြပြီး လတ်တလောတွင် တိုက်ပွဲဖြစ်ပွားခြင်း ရပ်ဆိုင်း ထားမှုကြောင့် ရွာသားအများစုမှာ ၎င်းတို့ကျေးရွာသို့ ပြန်လည်အခြေချနေထိုင်ကြပြီဖြစ်သော်လည်း လက်ရှိ ကျောက်မဲမြို့တွင် စစ်ပြေးရှောင်ဒုက္ခသည် ၁၀၀ဝခန့် ရွှေ့ပြောင်းအလုပ်သမားအဖြစ် ပြန့်ကျဲနေထိုင်လျှက်ရှိသည်ဟု ကျောက်မဲမြို့၊ လူမှုအဖွဲ့အ စည်းများက ပြောသည်။



















