Home သတင်း နဘူးနယ် ‌ဒေသခံရွာသားများအပိုင် အင်ပင်များကို စစ်တပ်က အကန့်အသတ်မရှိ ခုတ်ယူ‌နေ

နဘူးနယ် ‌ဒေသခံရွာသားများအပိုင် အင်ပင်များကို စစ်တပ်က အကန့်အသတ်မရှိ ခုတ်ယူ‌နေ

3207

ဩဂုတ် ၂၇ရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး

‌ကော့ကရိတ်ခရိုင်၊ နဘူးတိုက်နယ်အတွင်းရှိ ‌ကျေးရွာအုပ်စုက ပျိုး‌ထောင်စိုက်ထားခဲ့‌သော အင်ပင်‌တောမှ အင်ပင်များကို နဘူး အ‌ခြေစိုက် ‌ခြေမြန်တပ်ရင်း(ခမရ-၅၄၈) တပ်ဖွဲ့က အကန့်အသတ်မရှိ ခုတ်ယူ‌နေ‌သော‌ကြောင့် ‌ဒေသခံရွာသားများ နစ်နာဆုံးရှုံး မှုများ ကြုံ‌တွေ့‌နေရ‌ကြောင်း ‌ဒေသခံများက ‌ပြောဆိုသည်။

အဆိုပါတိုက်နယ်ရှိ ထီဖိုးဇံ၊ ‌ကော့ဖန်ရပ်၊ ရင်ကွဲ‌တောင်၊ မြပတိုင် စသည့် ‌ကျေးရွာများမှ အင်ပင်များကို ယင်းသို့ ခုတ်ယူ‌နေသည့် အစိုးရစစ်တပ်မှာ ‌ကော့ကရိတ်အ‌ခြေစိုက် စစ်ဆင်‌ရေးကွပ်ကဲ‌ရေးဌာနချုပ်-စကခ(၁၂) လက် ‌အောက်ခံတပ်များဖြစ်ကြပြီး ခမရ(၅၄၈) တပ်ရင်းက ယခုဩဂုတ်လ ၁ဝရက်ခန့်မှစ၍ ထီဖိုးဇံ‌ကျေးရွာ၊ ‌ကော့ဖန်ရပ်၊ ရင်ကွဲ‌တောင် ရွာဖက်မှ ခုတ်ယူလာခဲ့ရာ ယခုအချိန် တွင် မြပတိုင်‌ကျေးရွာဘက်အထိ အင်ပင်များကို ဆက်လက် ခုတ်ယူ‌နေခြင်း ဖြစ်သည်။

မြပတိုင်ရွာသူ နန်း‌အေးသူက “ကျမတို့ ရွာသားပိုင်တဲ့ အပင်‌တွေကုန်ပြီ။ ခုတ်‌နေတာ ‌နေ့တိုင်းပဲ။ စစ်တပ်က လာခုတ်သယ်‌နေ တာ ‌ပြောမရဲ၊ တားမရဲဘူး။ ရွာမှာက ‌တော(KNU)က စည်းကမ်းလုပ်ထားတာရှိတယ်။ ရွာသားတစ်ပင်ခုတ် ‌ငွေတစ်သိန်း ဒဏ် ရိုက်တယ်။ ကျမတို့‌တွေ အသုံးလိုမှ ခွင့်ပြုဖို့‌ပြောပြီး ခုတ်သုံးရတာ။ ဒီအပင်‌တွေဟာ ဖက်က အိမ်မိုးဖို့၊ တိုင်က ကိုယ့်သားကိုယ့် သမီး အိမ်ခွဲရင် အိမ်‌ဆောက်ကြ။ ရွာမှာသုံးဖို့လိုမှ လူကြီး‌တွေ‌ပြောပြီး ခုတ်ရတာ။”ဟု ‌ပြောသည်။

အင်ပင်များကို အများပိုင်ဟု ယူဆကာ အစိုးရစစ်တပ်ဖက်မှ ခုတ်ယူသယ်‌ဆောင်ခြင်းနှင့် ပတ်သက်၍ ၅၄၈တပ်ရင်းမှ တာဝန်ခံ တပ်အရာရှိများ၊ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ထီဖိုးဇံနယ်‌မြေတာဝန်ခံ ဗိုလ်ဂဏန်းနှင့် KNU/KNLA ငြိမ်းချမ်း‌ရေး ‌ကောင်စီ၏ ကင်းစခန်းတာဝန်ခံ ‌စော‌နောင်စိုင်းတို့က ဩဂုတ်လ ၂၂ရက်‌နေ့တွင် မြပတိုင်ရွာလမ်းဆုံရှိ ငြိမ်းချမ်း‌ရေး‌ကောင်စီ၏ ကင်းစခန်းတွင် ‌တွေ့ဆုံ‌ပြောဆိုခဲ့ကြသည်။

ငြိမ်းချမ်း‌ရေး‌ကောင်စီ၏ ကင်းစခန်းတာဝန်ခံ ‌စော‌နောင်စိုင်းက “အဲဒီကိစ္စ ကျ‌နော်တို့ ကင်းစခန်းမှာ ‌ပြောကြတယ်။ ရွာသားပိုင် ‌တွေ မခုတ်ဖို့၊ ခုတ်မယ်ဆိုလည်း ရွာက ဆရာ‌တော်‌တွေ၊ အုပ်ချုပ်‌ရေးမှုး‌တွေ၊ ရွာကလူ‌တွေနဲ့ တိုင်ပင်‌ပြောဆိုပြီး လုပ်ကြဖို့‌ပေါ့။ အခုလိုလုပ်တာ ရွာသား‌တွေ နစ်နာ‌ကြောင်း စစ်တပ်ဖက်ကို ဗိုလ်ဂဏန်းက ‌ပြောထားပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြပတိုင်‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး ‌စောချ‌ပေးကလည်း “အစိုးရဘက်‌တော့ အ‌ကြောင်းမကြားရ‌သေးဘူး။ အင်ပင်‌တွေ ခုတ်တာ က‌တော့ စစ်တပ်သိမ်းတဲ့‌နေရာက အပင်‌တွေတင် မကဘူး။ ရွာပိုင်အပင်‌တွေပါ ပါကုန်ပြီလို့ သိရတယ်။ ငါ‌တော့ သွားမကြည့်ရဲ ဘူး။ ရွာထဲက ဝါး‌တွေခုတ်တာကျ‌တော့ ခြံရှင်‌တွေ‌ပြောပြီး ခုတ်တယ်လို့ပဲ သိတယ်”ဟု ‌ပြောဆိုသည်။

နဘူးအ‌ခြေစိုက် အမှတ်(၅၄၇)၊ (၅၄၈)နှင့် (၅၄၉)တပ်များသည် ယခင်က ၎င်းတို့သိမ်းယူထား‌သော တပ်ပိုင်/ တပ်သိမ်း‌မြေများ အတွင်းမှ အပင်များကိုသာ ခုတ်ယူခဲ့ကြ‌သော်လည်း ယခုလအတွင်း ခုတ်ယူမှုမှာ ‌ကျေးရွာက ပျိုး‌ထောင်စိုက်ပျိုးထား‌သော အင် ပင်အလုံး‌ရေ တစ်‌ထောင်‌ကျော်အထိ ခုတ်ယူသယ်‌ဆောင်သွားပြီးဖြစ်‌ကြောင်း သိရသည်။

ထိုအင်ပင်များကို လာမည့် စက်တင်ဘာလဆန်းပိုင်းတွင် ပြုလုပ်မည်ဖြစ်‌သော ခမရ(၅၄၈)တပ်ရင်း၏ စစ်သင်တန်းတွင် အသုံး ပြုရန် ခုတ်ယူခြင်းဖြစ်‌ကြောင်း ၎င်းစစ်တပ်၏ အသိုင်းအဝိုင်းက ‌ပြောဆိုသည်။