စက်တင်ဘာ ၁၁ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ထိုးရေးအတွက် လိုင်ဇာနှင့် လော်ခီးလာ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အ ဖွဲ့များ ညီလာခံက ချမှတ်ထားသည့် အားလုံးပါဝင်ရေးမူအတိုင်း ကိုးကန့်၊ ပလောင်နှင့် ရခိုင်တပ်မတော်တို့က ဆက်ရပ်တည် သွားမည်ဟု ၎င်းတို့က စက်တင်ဘာ ၁ဝရက်နေ့တွင် ပူးတွဲ သဘောထား ထုတ်ပြန်ပြောဆိုလိုက်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော်(MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်ဦး (PSLF/TNLA)နှင့် ရခိုင်တပ်မတော်(AA)တို့ စက်တင်ဘာ ၉ရက်မှ ၁ဝရက်နေ့အထိ ထိပ်သီး အစည်းအဝေး ပြုလုပ်ခဲ့ ပြီး ယခုလို သဘောထားထုတ်ပြန်ခြင်းဖြစ်သည်ဟု PSLF/TNLA ဗိုလ်မှူးကြီးတာဘုန်းကျော်က ယခုလို ပြောသည်။
“အခုလိုထုတ်ပြန်ရတာက အစိုးရအနေနဲ့ တကယ်ငြိမ်းချမ်းရေးလိုချင်တယ်ဆိုရင် NCA နဲ့ပတ်သက်လို့ ဟိုတစ်ဖွဲ့ မပါရဘူး။ ဒီအ ဖွဲ့ မပါဘူး၊ လက်နက်အပ်ရမယ် ဆိုတာမျိုးတွေ ကျနော်တို့လက်မခံနိုင်ဘူး။ NCA မှာအားလုံးပါဝင်နိုင်မယ်ဆိုရင် ကျနော်တို့သုံးဖွဲ့ ကလည်း လက်မှတ်ထိုးနိုင်တယ် ဆိုတာအားလုံးသိအောင် ထုတ်ပြန်ရခြင်းဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၉ရက်နေ့တွင် နေပြည်တော်၌ တိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံတော်သမ္မတတို့ တွေ့ဆုံပွဲတွင် NCA တွင် အားလုံး ပါဝင်ခွင့်ပေးရေးအတွက် တိုင်းရင်းသားခေါင်ဆောင်များက ဆွေးနွေးခဲ့သလို အစိုးရကလည်း အဆင့်ဆင့် ပါဝင်ရေးမူကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း နှစ်ဖက်ခေါင်းဆောင်များက ပြောခဲ့သည်။
“အစိုးရက အားလုံး ပါဝင်ရေးမူကို ငြင်းပယ်တာမဟုတ်ဘဲ လက်ခံတယ်။ ဒါပေမဲ့ တပြိုင်နက်ပါတာထက် အဆင့်ဆင့် ပါဝင်မူကို သူတို့ ရပ်တည်တယ်။ အခုအဖွဲ့တွေက သူတို့မပါဘူးဆိုရင် ဒါသူတို့အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ပဲဖြစ်မှာပါ။ ကျနော်တို့အနေနဲ့က သမ္မတ နဲ့ ဆွေးနွေးပြီး ရရှိလာတဲ့ရလဒ်ကို တိုင်းရင်းသားအဖွဲ့တွေဆီ ပြန်တင်ပြပြီးတော့ တစ်ဖွဲ့ချင်းစီကပဲ ဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်လာမှာ ပဲလို့ အဲလိုမြင်ပါတယ်”ဟု ပြောသည်။
NCA စာချုပ် အမြန်ဆုံးဖြစ်မြောက်နိုင်ရေးအတွက် ကိုးကန့်တပ်မတော် ယင်းမဟာမိတ်အဖွဲ့(၃)ဖွဲ့က အစိုးရနှင့် အပစ်ရပ်လို ကြောင်း ဩဂုတ်လ (၅)ရက်နေ့က သဘောထား ထုတ်ပြန်ကမ်းလှမ်းခဲ့သော်လည်း ယနေ့အထိ ကချင်နှင့် သျှမ်းပြည်နယ်တို့ တွင် တိုက်ပွဲများ မကြာခဏ ဆက်ဖြစ်ပွားနေကာ ငြိမ်းချမ်းရေးကို အနှောက်အယှက်ဖြစ်စေသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ၎င်းတို့သုံးဖွဲ့က နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာများတွင် အပြန်အလှန် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကာ မည်သည့်အစိုးရတက်သည်ဖြစ်စေ တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖော် ဆောင်ရေးအတွက် လျစ်လျူရှုထားပါက ပြည်တွင်းစစ် ချုပ်ငြိမ်းမည်မဟုတ်ကြောင်း ဗိုလ်မှူးကြီးတာဘုန်းကျော်က ဖြည့်စွက်ပြော သည်။
လက်ရှိ NCA စာချုပ်တွင် လက်မှတ်ထိုးရေး တိကျသည့် ဆုံးဖြတ်ချက်မကျသေးသည့်အပေါ် တိုင်းရင်းသားလက်နက်ကိုင် တော် လှန်ရေးအဖွဲ့များ၏ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့(EAOs SD) က စက်တင်ဘာလ ၂၄ရက်မှ ၂၆ရက်နေ့အထိ အစည်းအဝေးပြု လုပ်ကာ ဆွေးနွေးဆုံးဖြတ်သွားရန်ရှိကြောင်း တိုင်းရင်းသားခေါင်းဆောင်များထံမှ သိရသည်။



















