အောက်တိုဘာ (၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စစ်အုပ်စုထံ ဝင်ငွေရရှိစေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများကို ပိတ်ဆို့အရေးယူပေးရန် ကနေဒါရောက် မြန်မာ အသိုင်းအဝိုင်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများ ပါဝင်သည့် အရပ်ဖက်အဖွဲ့အစည်း (၉၂) ခုက အောက်တိုဘာ (၁) ရက်နေ့စွဲဖြင့် ကနေဒါ အစိုးရထံ ပေးပို့တောင်းဆိုသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍသည် စစ်အုပ်စုအတွက် စစ်အသုံးစရိတ်နှင့် နိုင်ငံခြားသုံးငွေ ရရှိစေသည့် အဓိကအရင်းအမြစ်တစ်ခု ဖြစ်နေသောကြောင့် အရေးယူဆောင်ရွက်ပေးရန် အရပ်ဖက်အဖွဲ့များက ကနေဒါနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ အနီတာ အာနန်းထံ ပေးပို့တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
ထို့အတူ ကနေဒါနိုင်ငံသားများ၏ စီမံခန့်ခွဲမှုဖြင့် စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသည့် Canadian Foresight Group (CFG) ကုမ္ပဏီက တနင်္သာရီတိုင်းဒေသကြီး၊ အက်ဒမန်ပင်လယ်အတွင်းရှိ M-15 လုပ်ကွက်တွင် ၈၀ ရာခိုင်နှုန်း လုပ်ပိုင်ခွင့်ရရှိထားပြီး စစ်အုပ်စုအတွက် ဝင်ငွေရရှိစေမည့် စီမံကိန်းတစ်ခု ဖော်ဆောင်ရန် ပြင်ဆင်နေကြောင်းလည်း အဖွဲ့များက ဆိုသည်။
“စစ်အုပ်စုလက်အောက်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်တာဟာ အကြမ်းဖက်မှုတွေကို ဆက်လက်လုပ်ဆောင်နိုင်စေမယ့် ဘဏ္ဍာရေးသွေးကြောတစ်ခု ဖြစ်လာနိုင်ပါတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေဟာ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် အပြစ်မဲ့အရပ်သားတွေကို ပစ်မှတ်ထားပြီး စစ်ပွဲဆင်နွှဲနေတဲ့ စစ်အုပ်စုကို အင်အားဖြည့်ပေးတာမျိုး မဖြစ်သင့်ပါဘူး။ စီးပွားရေးအကျိုးအမြတ်တွေဟာ လူ့အသက်နဲ့ တာဝန်ခံမှုတွေထက် ဘယ်တော့မှ ရှေ့မရောက်သင့်ပါဘူး” ဟု ကနေဒါ ကရင်အမျိုးသားအသင်း (KCC) ဥက္ကဋ္ဌ စလုံဖန်းက ပေးစာတွင် ရေးသားထားသည်။
ဆက်လက်ပြီး ကနေဒါအစိုးရ၏ စစ်အုပ်စုအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်းနှင့် လေယာဉ်ဆီ တင်ပို့မှုကို ပစ်မှတ်ထား အရေးယူခဲ့ခြင်းအပေါ် ကြိုဆိုသော်လည်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပါအဝင် အဖွဲ့အစည်းအချို့ကိုသာ အဓိကထား ပိတ်ဆို့ထားသဖြင့် အဆိုပါ ကဏ္ဍအပေါ် ပိတ်ဆို့အရေးယူမှုများ ထပ်မံလိုအပ်နေကြောင်း အဖွဲ့များက ထောက်ပြထားသည်။
ယင်းပူးတွဲတောင်းဆိုမှုတွင် KCC အပါအဝင် ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN)၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ အသံအဖွဲ့ (Athan) နှင့် Burma Campaign UK အပါအဝင် ကနေဒါ၊ နော်ဝေး၊ ဥရောပနှင့် မြန်မာနိုင်ငံအတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများက ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ကနေဒါအစိုးရအနေဖြင့် လုပ် ဆောင်ပေးရမည့် အချက် (၃)ချက်ကိုပါ တိုက်တွန်းထားသည်။
အဆိုပါတောင်းဆိုချက်များတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ဆက်စပ်နေသည့် ကုမ္ပဏီများနှင့် ဝန်ဆောင်မှုလုပ်ငန်းများကိုပါ ပိတ်ဆို့အရေးယူမှုတွင် ထည့်သွင်းရန်၊ အာမခံ၊ ပြန်လည်အာမခံ၊ အရည်အသွေးစစ်ဆေးရေး၊ အင်ဂျင်နီယာနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများကို ကန့်သတ်ရန်တို့ ပါဝင်သည်။
ထို့အတူ စစ်အုပ်စုနှင့် ဆက်စပ်လုပ်ကိုင်နေသည့် ကနေဒါကုမ္ပဏီများ၊ နိုင်ငံသားများကို ဖော်ထုတ်ပြီး စိစစ်မှုများ ပိုမိုလုပ်ဆောင်ပေးရန်နှင့် စစ်အုပ်စု၏ ဝင်ငွေရရှိစေသည့် လမ်းကြောင်းများအား ပိတ်ဆို့အရေးယူမှုအသစ်များဖြင့် ဆက်လက်ချမှတ်ပေးရန် တောင်းဆိုထားခြင်း ဖြစ်သည်။
KPSN ပြောရေးဆိုခွင့်ရှိသူ စောအယ်ဒိုဝါးက “နေ့စဉ်နေ့တိုင်း သေဆုံးတာ ထိခိုက်ဒဏ်ရာရတာတွေက တခြားတိုင်းရင်းသား ဒေသတွေတင်မကဘူး။ ကျနော်တို့ ကရင်မှာဆိုရင် တပ်မဟာ ၇ ခု၊ ခရိုင် ၇ ခုအတွင်းမှာ နေ့တိုင်းဖြစ်နေတာပါ။ ဒါတွေဟာ ပြည်သူလူထုတွေကို ဦးတည်ပြီး ပစ်မှတ်ထားတိုက်ခိုက်တာ ဖြစ်တယ်။ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ ဖြစ်စဥ်တွေလည်း အမြဲလိုလို ဖြစ်နေတုန်းပဲ” ဟု စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်၍ ကေအိုင်စီသို့ မှတ်ချက်ပေးသည်။
ယင်းကြောင့် အရပ်ဖက်အဖွဲ့များက စစ်အုပ်စု၏ လက်နက်ထောက်ပံ့မှု၊ လေယာဉ်ဆီ ဒဏ်ခတ်ပိတ်ဆို့မှုနှင့် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုအကူအညီများ ကနေဒါအစိုးရအနေဖြင့် တိုးမြှင့်ပေးရန်လည်း ထုတ်ပြန်ချက်တွင် ဆက်လက်တောင်းဆိုထားသည်။


















