Home သတင်း မဲဆောက် UN ရုံးအနီး အထည်ချုပ်စက်ရုံ မီးလောင်မှု မြန်မာလုပ်သား (၁၀၀) ခန့် မီးဘေးသင့်ပြီး အရေးပေါ်အကူအညီလိုအပ်နေ

မဲဆောက် UN ရုံးအနီး အထည်ချုပ်စက်ရုံ မီးလောင်မှု မြန်မာလုပ်သား (၁၀၀) ခန့် မီးဘေးသင့်ပြီး အရေးပေါ်အကူအညီလိုအပ်နေ

11
Photo: Aung Aung

အောက်တိုဘာ (၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ ကုလသမဂ္ဂ (UN) ရုံးလမ်းမအနီးရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် ယနေ့၊ အောက်တိုဘာလ(၄)ရက်၊ မနက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ၎င်းတို့မိသားစုများအပါအဝင် လူဦးရေ(၁၀၀)ခန့် မီးဘေးသင့်ခဲ့ရပြီး အရေးပေါ်အကူအညီလိုအပ်နေကြောင်း မဲဆောက်ရောက်မြန်မာအသိုင်းအဝိုင်းမှ သိရသည်။

ယနေ့ မနက်(၈)နာရီခွဲ ဝန်းကျင်အချိန်တွင် အဆိုပါအထည်ချုပ်စက်ရုံအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မဲဆောက်မြို့ မီးသတ်တပ်ဖွဲ့က အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့သော်လည်း စက်ရုံအဆောက်အအုံအပါအဝင် အလုပ်သမားများနေထိုင်သည့်အတွဲလိုက်အဆောင်များ မီးလောင်ပျက်စီးမှုရှိခဲ့သည်။

အထည်ချုပ်စက်ရုံအလုပ်သမား ၇၀ ထက်မနည်းအပါအဝင် ၎င်းတို့မိသားစုများ စုစုပေါင်း(၁၀၀)ဝန်းကျင် မီးဘေးသင့်၍ ယာယီနေထိုင်စားသောက်စရာ အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု မဲဆောက်ရှိ ရွှေ့ပြောင်းမြန်မာ အလုပ်သမားအရေး ဆောင်ရွက်သူက ပြောသည်။

“အလုပ်သမားတန်းလျား မီးထဲပါတော့ လူတွေပဲလွတ်တယ် ပစ္စည်းတွေမသယ်နိုင်ကြဘူး။ တစ်ချို့ တစ်လေပဲ ပစ္စည်းတွေသယ်ထုတ်နိုင်တယ်။

Photo: Aung Aung

စက်ရုံက အတွင်းမီးလှိုဏ်လောင်တော့ စက်ပစ္စည်းနဲ့အထည်အလိပ် တွေမီးလောင်ကုန်ပြီ။ လောလာဆယ် လူတစ်ရာစာလောက် နေဖို့ထိုင်ဖို့နဲ့စားဖို့ အရေးပေါ်အကူအညီလိုနေတယ်” ဟု ၎င်းက ပြောသည်။

မီးစလောင်ရသည့်အကြောင်းအရင်းကို တာဝန်ရှိသူများက စုံစမ်းနေဆဲဖြစ်သလို လူမှုအထောက်အကူပြုအဖွဲ့များနှင့် အလုပ်သမားအရေးဆောင်ရွက်သူများ ပူးပေါင်းကာ မီးဘေးသင့်ပြည်သူများအတွက် ထမင်းထုတ်နှင့်သောက်သုံးရေများကို လတ်တလော လှူဒါန်းပေးရန် စီစဥ်နေကြောင်းလည်း သိရသည်။

အထည်ချုပ်စက်ရုံမီးလောင်မှုအတွင်း ဘတ်ငွေငါးသန်းခန့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးရှိကြောင်းလည်း တာဝန်ရှိသူနှင့်နီးစပ်သူများက ဆိုသည်။