Home သတင်း ၂၀၁၃ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင်ဆုရှင်ကို အမည်စာရင်း အဆိုတင်သွင်းနိုင်ပြီ

၂၀၁၃ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင်ဆုရှင်ကို အမည်စာရင်း အဆိုတင်သွင်းနိုင်ပြီ

1767
Photo-KIC ယခင်၂၀၁၂ခုနှစ်က ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုလက်မှတ်

နိုဝင်ဘာ ၆ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား

ဖန်း‌ဖောင်‌ဒေးရှင်းမှ နှစ်စဉ်‌ပေးလျှက်ရှိ‌သော ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင်ဆုရှင်ကို ယခု ၂၀၁၃ခုနှစ်ဆု အတွက် အမည်စာရင်း စတင်အဆိုတင်သွင်းနိုင်ပြီးဖြစ်‌ကြောင်း ယမန်‌နေ့ နိုဝင်ဘာလ ၅ရက်‌နေ့က ဖန်း‌ဖောင် ‌ဒေးရှင်းဝက်ဘ်ဆိုက်စာမျက်နှာတွင် အသိ‌ပေး‌ကြေညာချက်ထုတ်ပြန်လိုက်ပြီဖြစ်သည်။

အဆိုပါဆုမှာ ကရင်လူမှုအဖွဲ့အစည်းအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံ၍ အသက် ၃၅နှစ်ထက် မ‌ကျော်လွန်‌သေး သည့် မည်သည့်လူငယ်ကိုမဆို အဆိုတင်သွင်းနိုင်သလို အဆိုတင်သွင်းသည့်အခါ အသက်၊ ‌နေထိုင်ရာ ‌ဒေသ၊ သက်ဆိုင်ရာလုပ်ငန်းများအပြင် မည်သည့်အ‌ကြောင်း‌ကြောင့် လူငယ်‌ခေါင်း‌ဆောင်ဆုရရှိ ထိုက်သူဖြစ်‌ကြောင်း စသည်တို့ကို တပြိုင်နက်တည်း‌ဖော်ပြ‌ပေးရမည်ဟု ဖန်း‌ဖောင်း‌ဒေးရှင်း၏ ‌ကြေညာချက်တွင် ပါရှိသည်။

ဆုရရှိထိုက်သူမှာ ကရင်လူမှုအဖွဲ့အစည်းအတွက် လူ့အခွင့်အ‌ရေးမြှင့်တင်‌ရေး၊ ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ လူမှု‌ရေး နှင့် ယဉ်‌ကျေးမှုလုပ်ငန်းများတွင် စွမ်းစွမ်းတမံ လုပ်ကိုင်‌ဆောင်ရွက်‌နေသည့် ပြည်တွင်း ပြည်ပရှိ မည်သည့် ကရင်လူငယ်တဦးဦးကိုမဆို ဖြစ်နိုင်ပြီး ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက်‌နေ့ ‌နောက်ဆုံးထား၍ စာရင်း‌ပေး တင်သွင်းနိုင်သည်ဟု ၎င်း‌ကြေညာချက်တွင် ထည့်သွင်း‌ဖော်ပြထားသည်။

ဖန်း‌ဖေါင်‌ဒေးရှင်းမှ ‌စော‌စေး‌စေးဖန်းက “ကျ‌နော်တို့ ဖန်း‌ဖောင်‌ဒေးရှင်းက‌နေ အရင်နှစ်ကလိုပဲ ပဒိုမန်းရှာ လူငယ် ‌ခေါင်း‌ဆောင်ဆုအတွက် အဆိုတင်သွင်းချင်တဲ့ လူငယ်‌မောင်မယ်‌တွေကို တင်နိုင်ပြီးဆိုတာ အသိ‌ပေးတာပါ။ အဆိုတင်သွင်းရမယ့် လူငယ်‌တွေဟာ ကရင်ပြည်သူလူထု‌တွေအတွက် အင်မတန်ကို တက်ကြွစွာ လုပ်တဲ့သူနဲ့ ပြည်သူ‌တွေရဲ့အကျိုးကို အသိအမှတ်ပြုရ‌လောက်‌အောင် လုပ်‌ဆောင်တဲ့သူ ဖြစ်ရမယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် သတ်မှတ်ချိန်ကာလအတွင်း အဆိုတင်သွင်းခံလာရသည့် လူငယ်များအား ဖန်း‌ဖောင်‌ဒေးရှင်းမှ စိစစ်ပြီး တစ်ဦးကို ဆုရှင်အဖြစ် ‌ရွေးချယ်ဆုံးဖြတ်ပြီး လာမည့် ၂၀၁၄ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်‌နေ့၌ ကျ‌ရောက်‌သော (၆၄)နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့တွင် ဆုချီးမြှင့်‌ပေးအပ်သွားမည်ဟု ‌စော‌စေး‌စေးဖန်း က ဆက်‌ပြောသည်။

ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင်ဆုအတွက် အဆိုတင်သွင်းရမည့်သူမှာ ကိုယ့်ကိုကိုယ် ပြန်ပြီးအဆိုတင်သွင်းခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ တာဝန်ရှိသူနှင့် နီးစပ်သူများက တင်သွင်း‌ပေးရမည်ဖြစ်ကာ ဆု‌ရွေးချယ်ခံရသူအား ယခင်နှစ်များကဲ့သို့ပင် ဖန်း‌ဖောင်‌ဒေးရှင်းမှ ဂုဏ်ပြုလက်မှတ်နှင့် အ‌မေရိကန် ‌ဒေါ်လာ ၂,၀၀ဝ ‌ပေးအပ်ချီးမြှင့် သွားမည်ဟု သိရသည်။

ဖန်း‌ဖောင်‌ဒေးရှင်းကို ၂၀၀၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၄ရက်‌နေ့တွင် လုပ်ကြံခံခဲ့ရသည့် ကရင်အမျိုးသားအစည်း အရုံး(‌ကေအဲန်ယူ) အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာလားဖန်း၏ သားသမီးများဖြစ်ကြသည့် ‌စော‌စေး‌စေးဖန်း၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်း၊ စလုံ့ဖန်းတို့မှ မိခင် နမ့်ကျင်‌ရွှေနှင့် ဖခင် မန်းရှာလားဖန်းတို့ အတွက် ရည်စူးကာ ထို‌နေ့၌ပင် စတင်တည်‌ထောင်ခဲ့ခြင်းဖြစ်သည်။

ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆု အဆိုတင်သွင်းရန်အတွက် bwaba.pan@phanfoundation.org အီး‌မေးလ် ဖြင့် လည်း‌ကောင်း၊ +၄၄ (၀) ၇၇၃၈၆၃၀၁၃၉ ဖုန်းနံပတ်ဖြင့်လည်း‌ကောင်း ဆက်သွယ်နိုင်ပြီး အကြာင်းအရာ အ‌သေးစိတ်သိရှိလိုပါက www.phanfoundation.org ဝက်ဆိုက်ဘ်သို့ ဝင်‌ရောက်ဖတ်ရှုနိုင်သည်။

ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုကို ၂၀၀၉ခုနှစ်မှစ၍ စတင်‌ပေးအပ်လာခဲ့ရာ ‌ညောင်‌လေးပင်ခရိုင်မှ ‌နော်‌ဖောကဘလာထူး၊ ဖာပွန်ခရိုင်မှ ‌စောညွှန့်ဝင်းနှင့် ဘိတ်-ထားဝယ်ခရိုင်မှ ‌နော်ဒီဇင်ဘာ‌ဖောနှင့် ဒူးပလာယာ ခရိုင်မှ ‌စောထူးထူးအယ်နှင့် ဧရာဝတီတိုင်းမှ နမ့်သန္တာ‌အောင်တို့ကိုအား ဆုရှင်များအဖြစ် ဖန်း‌ဖေါင်‌ဒေးရှင်းက ‌ရွေးချယ်ချီးမြှင့်ခဲ့ပြီဖြစ်သည်။