အောက်တိုဘာလ ၇ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းက ဘားအံမြို့နယ် အတွင်း ပြည်ပရောက် ဒုက္ခသည်များ ပြန်လည်နေထိုင်နိုင်ရန် ရွာတည် လိုကြောင်း သထုံခရိုင် (ကေအဲန်ယူ)ကရင်အမျိုးသားအစည်းအရုံးထံသို့ စက်တင်ဘာလ ၂၈ရက်နေ့က ပြောဆိုကမ်းလှမ်းခဲ့ သည်။
ကေအဲန်ယူ သထုံခရိုင်၊ တပ်မဟာ(၁)ဗျူဟာရုံးမှ စောအောင်သောင်းသိန်းက “ပြည်နယ်ဝန်ကြီးချုပ်က ကျနော်တို့ဒေသမှာ ရွာ တည်ချင်တယ်လို့ တပ်မဟာ(၁)ဗျူဟာမှူးကို ကမ်းလှမ်းတယ်။ ပြည်ပရောက် ဒုက္ခသည်တွေအတွက်လို့ ပြောတာပဲ။ အသေး စိတ်တော့ မဆွေးနွေးဘူး။”ဟု ကေအိုင်စီသို့ အတည်ပြုပြောဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၈ရက်နေ့က သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်အစိုးရတို့ ပါဝင်သော ၁၅ဦးအဖွဲ့သည် မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မွန်ပြည်သစ်ပါတီ၊ ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော် (ဒီကေဘီ အေ)နှင့် ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီတို့နှင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သည်။
ထိုအစည်းအဝေးသို့ ကေအဲန်ယူမှ လေ့လာသူအဖြစ် တက်ရောက်ခဲ့သော တပ်မဟာ(၁)ဗျူဟာမှူး ဗိုလ်မှူးကြီးစောပလေ့နှင့် သထုံခရိုင် တွဲဖက်အတွင်းရေးမှူး ပဒိုစောကျော်မြင့်တို့အား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းက ကေအဲန်ယူ သထုံခရိုင်၊ ဘားအံမြို့နယ်အတွင်းရှိ နို့အောလာတွင် ရွာတည်မည့်ကိစ္စ ပြောဆိုခဲ့ခြင်းဖြစ်သည်။
“နို့အောလာက ရွာပါပဲ။ ဒါပေမဲ့ အဲဒီရွာရဲ ့ ဘေးပတ်ဝန်းကျင်တွေက မြေလွတ်တွေများတယ်။ ဒါပေမဲ့ ကျနော်တို့ဗျူဟာမှူးက အထက်ခေါင်းဆောင်တွေ ခွင့်ပြုချက်မရှိတော့ လက်ခံဖို့ အဆင်သင့်ဘာမှမရှိပါဘူးလို့ တုန့်ပြန်ပြောလိုက်ပါတယ်။”ဟု စော အောင်သောင်းသိန်းက ဆိုသည်။
ဒုက္ခသည်များအတွက် ပြန်လည်နေရာချထားရေးနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်သင့်သည်များကို ဆောင်ရွက်ရန် ဦးဆောင် ကော်မတီတခု ဖွဲ့စည်းသွားရေးအတွက် စက်တင်ဘာ၂၆ရက်နေ့က ကရင်ဒုက္ခသည်ကော်မတီ(KRC)၊ ကရင်လူထုအခြေပြုအဖွဲ့ အစည်းများနှင့် ကေအဲန်ယူတို့ တပ်မဟာ(၇) လေးဝါးစခန်း၌ ဆွေးနွေးသဘောတူခဲ့ကြသည်။
ကေအဲန်ယူ တပ်မဟာ(၁)၊ သထုံခရိုင်သည် မွန်ပြည်နယ်အတွင်း တည်ရှိသော်လည်း အဖွဲ့အစည်း၏ နယ်နိမိတ် သတ်မှတ်ချက် အရ အကျုံးဝင်နေသည့် ဒုံသမိချောင်း၏ အရှေ့ဘက်ခြမ်းရှိ ဘားအံမြို့နယ်၏ ကျေးရွာတချို့တွင် နို့အောလာရွာလည်း ပါဝင်သည် ဟု သိရသည်။