Home သတင်း လွှတ်‌တော်အတွင်း ဖွဲ့စည်းပုံ ပြင်ဆင်‌ရေးအတွက် တပ်မ‌တော် ‌ထောက်ခံရန် မဖြစ်နိုင်ဟု KNLP ‌ပြော

လွှတ်‌တော်အတွင်း ဖွဲ့စည်းပုံ ပြင်ဆင်‌ရေးအတွက် တပ်မ‌တော် ‌ထောက်ခံရန် မဖြစ်နိုင်ဟု KNLP ‌ပြော

2117
ဇူလိုင်လ ၉ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)
KNLP အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလွင် (ယာဘက်မှပုဂ္ဂိုလ်)
KNLP အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလွင် (ယာဘက်မှပုဂ္ဂိုလ်)

၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေအတွက် ‌လေ့ လာသုံးသပ်‌ရေး ပူး‌ပေါင်း‌ကော်မတီကို အချိုးကျဖွဲ့စည်းလျာထား လုပ်‌ဆောင်‌နေ ‌သော်လည်း ၎င်းမှာ လွှတ်‌တော်အတွင်း၌ တပ်မ‌တော်သား ကိုယ်စားလှယ်များမှ အ‌ခြေခံဥပ‌ဒေကို ပြင်ဆင်‌ရေး ‌ထောက်ခံရန် မဖြစ်နိုင်‌ကြောင်း လွိုင်‌ကော်မြို့ရှိ ကယန်းပြည်သစ်ပါတီ(KNLP)က ယမန်‌နေ့က ‌ပြောဆိုလိုက်သည်။

လက်ရှိ လွှတ်‌တော်တွင်းရှိ တပ်မ‌တော်သားကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းမှာ တပ်မ‌တော်စစ်ဦးစီးချုပ်မှ ‌ရွေးချယ်‌စေလွှတ်ခန့် ထားပြီး ၂၀၀၈ ဖွဲ့စည်းပုံမှာ စစ်အာဏာရှင်စနစ်ကို ဆက်လက်ထိန်းသိမ်းထား‌သော ဥပ‌ဒေဖြစ်‌နေခြင်း‌ကြောင့် ပြင်ဆင်ရန် မဖြစ် နိုင်ဟု KNPP ‌ပြော‌ရေးဆိုခွင့်ဖြစ်သူ အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလွင်က ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

၎င်းက “ဖွဲ့စည်းပုံ ပြင်ဆင်မယ်ဆိုတာ ပြည်သူ့အသံကို တစ်စိတ်တစ်ပိုင်း နား‌ထောင်ခြင်းဖြစ်‌ပေမယ့် တပ်မ‌တော်သား ကိုယ်စား လှယ်‌တွေဘက်က ‌ထောက်ခံဖို့ မ‌တွေ့ရ‌သေးပါဘူး။”ဟု ဗိုလ်မှူး‌စောလွင်က သုံးသပ်‌ပြောဆိုသည်။

ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ မ‌ပြောင်းပါက လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် KNLP အ‌နေဖြင့် ဝင်‌ရောက်ယှဉ်ပြိုင်မှု ပြုလုပ်မည် မဟုတ်သလို အစ၊ အလယ်၊ အဆုံးပြင်ရမည့် ယခု ဖွဲ့စည်းပုံကို လွှတ်‌တော်ပြင်ပ၌သာ ပြင်ဆင်နိုင်မည်ဖြစ်‌ကြောင်း KNLP က ‌ထောက်ပြ‌ပြောဆိုသည်။

“ဖွဲ့စည်းမပြင်ခဲ့ရင် ကျ‌နော်တို့ ‌ရွေး‌ကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်တာဟာ နို်င်ငံ‌ရေး ‌ရေသာခိုတာ မဟုတ်ပါဘူး။ ပြည်သူအ‌ပေါ် သစ္စာ မ‌ဖောက်ချင်လို့ပါ”ဟု ဗိုလ်မှူး‌စောလွင်က ဆက်လက် ဖြည့်စွက်‌ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ ၁ရက်‌နေ့၌ ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ပြင်ဆင်‌ရေးအတွက် တင်ပြချက် (၈)ချက်ဖြင့် KNLP က ထုတ်ပြန်‌ကြေညာခဲ့ပြီးဖြစ်သည်။

KNLP သည် ၁၉၉၄ခုနှစ်၊ ဇူလိုင်လ ၂၆ရက်‌နေ့တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီခဲ့ပြီး ၎င်းတို့ အ‌ခြေစိုက်‌နေ ထိုင်သည့်‌နေရာကို မြန်မာအစိုးရပိုင်မီဒီယာများက ကယားပြည်နယ်အထူး‌ဒေသ(၃)ဟု သတ်မှတ်‌ဖော်ပြ‌ခေါ်ဆိုခဲ့သည်။