မတ်လ ၁ရက်၊ ၂၀၁၃ခုနှစ်။ စောညွန့်သောင်း (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ ကျောက် ထုတ်လုပ်ရေး လုပ်ငန်းများတွင် ဒေသခံလူထုများအား ကရင်ပြည်နယ် အစိုးရ က လုပ်ကိုင်ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း သိရသည်။
လက်ရှိ ဖားအံမြို့နယ်တွင် ကျောက်ထုတ်လုပ်ရန်အတွက် မှိုင်းကံစခန်း၊ ကော့သာဆူး(တမောက်ညော)စခန်း၊ တော်ပုံစခန်း၊ နောင်လုံတောင်ကြားစခန်း၊ လွန်းညစခန်း အပါအဝင် ကျောက်ထုတ်စခန်း(၅)ခုရှိပြီး ၎င်းစခန်းများတွင် ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ က စတင် လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်အဖြစ် လုပ်ကိုင်နေသည့် စောကျော်မြင့်နိုင်က ကေအိုင်စီသို့ ပြော သည်။
“အခု ပါဝင်လုပ်ကိုင်သူတွေထဲမှာ ဒေသခံလူထုတွေပါပဲ။ လုပ်ခွင့်ရပြီဆိုတော့ အဆင်တော့ ပြေတယ်။ ဒါပေမယ့် အခု ကျနော် လုပ်တာ သိပ်မကြာသေးဘူး။ အရင်းအနှီးကလည်း သိပ်မရှိဘူး။ ကျောက်ခွဲဖို့အတွက် လိုအပ်တဲ့ စက်ယန္တရားတို့ မပြည့်စုံဘူး။ ရှိတဲ့အရင်းအနှီးနဲ့ပဲ လုပ်ကြတာ။ ကျောက်တုံးတွေက ဆိုဒ်မျိုးစုံရတယ်”ဟု စောကျော်မြင့်နိုင်က ပြောဆိုသည်။
ဆက်လက်၍ ကျောက်ထုတ်စခန်းတွင် ဈေးနှုန်းအားဖြင့် ၆-၉ဆိုဒ် တစ်ကျင်းလျှင် ပေါက်ဈေး ၁၅,၀၀ဝကျပ်၊ ၂-၄ဆိုဒ် ၂၀,၀၀ဝ ကျပ်နှင့် ၁-၂ဆိုဒ် ၃၀,၀၀ဝကျပ်ဖြစ်ပြီး အစိုးရမှလည်း တစ်ကျင်းလျှင် အခွန်ငွေ ၅၀ဝကျပ်နှုန်းဖြင့် ကောက်ခံသလို ဆိုဒ်သေးပါ က ဈေးနှုန်း ပိုများကြောင်း စောကျော်မြင့်နိုင်က ပြောသည်။
ထိုသို့ ကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွင် ဒေသခံများအတွက် အဆင်ပြေလျှက်ရှိပြီး ကားရှိသည့် ရွာသားများ ကျောက်သယ် ရန် အလုပ်ရသွားသလို ကားမရှိသည့်သူများအတွက် ကျောက်သွားရောက်ခွဲခြင်း၊ ဈေးရောင်းခြင်းနှင့် ဒေသခံလယ်သမားများအ တွက် လယ်မြေအသုံးပြုခများ ရရှိသည်ဟု သိရသည်။
ထိုဒေသရှိ ကော့သာဆူးရွာသားတစ်ဦးက “ကျနော်တို့ တိုင်းရင်းသားတွေကို လုပ်ခွင့်ပေးတာ အားရတယ်။ ကိုယ့်လူမျိုးအချင်း ချင်းဖြစ်လို့ ပြောဆိုဆက်ဆံကြတာ အဆင်ပြေတယ်။ ဒီက ကျနော်တို့ လယ်သမားတွေလည်း ကြည်ဖြူစွာ ခွင့်ပြုတယ်”ဟု ဆို သည်။
သို့သော် အစိုးရက တိုင်းရင်းသားဒေသခံများကို အကြီးစား၊ အလတ်စားနှင့် အငယ်စားလုပ်ငန်းများကို ပါဝင်လုပ်ကိုင်ခွင့်ပြုပြီး လိုအပ်သည့် အရင်းအနှီးများကို ကူညီထောက်ပံ့ပေးနိုင်ပါက လုပ်ငန်းများ ယခင်ကထက် အကျိုးရှိမည်ဖြစ်ကြောင်းနှင့် တရုတ် နှင့် အခြားလူမျိုးခြားတို့၏ လက်ဝါးကြီးအုပ် လာရောက်လုပ်ကိုင်မည်ကို ခွင့်ပြုမပေးနိုင်ကြောင်းလည်း အဆိုပါရွာသားက ထပ်မံ ပြောဆိုသည်။
ကရင်ပြည်နယ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ပတ်သက်၍ စက်မှုဇုံများ၊ လမ်းတံတားများ၊ အဆောက်အဦးများအတွက် ကျောက်ခွဲ သားများ အမြောက်အများ လိုအပ်သည်ဟု အစိုးရက ပြောကြောင်း ဒေသခံများက ပြောဆိုနေကြသည်။
ပြီးခဲ့သည့်နှစ်များသည် ကရင်ပြည်နယ်အတွင်းရှိသော ကျောက်တောင်များကို ကျောက်ထုတ်လုပ်ရေးအတွက် ကုမ္ပဏီကြီးများ က လက်ဝါးကြီးအုပ်ရန် ကြိုးစားခဲ့သော်လည်း တိုင်းရင်းသားဒေသခံများက လက်မခံ၍ အောင်မြင်မှု မရရှိခဲ့ပေ။