Home သတင်း KNU ဗဟို‌ကော်မတီ အစည်းအ‌ဝေး ‌အောက်တိုဘာလ ကုန်ပိုင်းတွင် ကျင်းပသွားမည်

KNU ဗဟို‌ကော်မတီ အစည်းအ‌ဝေး ‌အောက်တိုဘာလ ကုန်ပိုင်းတွင် ကျင်းပသွားမည်

1925
‌အောက်တိုဘာလ ၁၄ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ၏ ဗဟို‌ကော်မတီထဲမှ ‌ခေါင်း‌ဆောင်အချို့သည် ၎င်းတို့၏ ဗဟို‌ကော်မတီအစည်းအ‌ဝေး ဖြစ် ‌မြောက်‌ရေးအတွက် စီစဉ်‌ဆောင်ရွက်ရာတွင် ကျင်းပမည့်‌နေရာ၊ ‌နေ့ရက်များကို သတ်မှတ်နိုင်ရန် ယမန်‌နေ့က ညှိနှိုင်း‌ဆွေး‌နွေးခဲ့ကြသည်။

‌တွေ့ဆုံညှိနှိုင်းမှုတွင် ပါဝင်သည့် ‌တောင်ငူခရိုင် ဥက္ကဌ ပဒို‌စောအယ်ဝါးက “ကျ‌နော်တို့ ‌ပြောဆိုညှိနှိုင်းခဲ့တာ‌တွေက‌တော့ အထူးသဖြင့် ဗဟို(SC)‌ကော်မတီ အစည်းအ‌ဝေးဖြစ်‌မြောက်ဖို့ ကိစ္စပါပဲ။ ‌နောက် တပ်မဟာ(၇)မှာ အစည်းအ‌ဝေးလုပ်ဖို့ ‌ဆွေး‌နွေးခဲ့ကြပါတယ်”ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

ဗဟို‌ကော်မတီအစည်းအ‌ဝေးကို ယခင်က ‌ကေအဲန်ယူ တပ်မဟာ(၅)တွင် ပြုလုပ်ကျင်းပရန် ဆုံးဖြတ်ထား‌သော်လည်း ယခု တပ်မဟာ(၇) တွင် ပြုလုပ်ကျင်းပသွားရန် ဖြစ်နိုင်‌ခြေများပြီး လာမည့်အပတ်တွင် ပြုလုပ်မည်ဟု သူက ဆက်‌ပြောသည်။

ယင်းအစည်းအ‌ဝေးဖြစ်‌မြောက်ရန် ‌ကေအဲန်ယူ ဗဟို‌ကော်မတီများဖြစ်သည့် သထုံခရိုင် ဥက္ကဌ ပဒို‌စောပဲနု၊ ‌တောင်ငူခရိုင် ဥက္ကဌ ပဒို‌စော အယ်ဝါး၊ ‌ညောင်‌လေးပင်ခရိုင် ဥက္ကဌ ပဒို‌စောထူး‌ဖော၊ ဖာပွန်ခရိုင် ဥက္ကဌ ပဒို‌စောထဲဒယ်၊ ပဒို‌စော‌သောသီဘွဲ၊ ပဒို‌စောသမိန်ထွန်းတို့အား ဖားအံခရိုင်ဥက္ကဌ ပဒို‌စော‌အောင်‌မော်‌အေး၊ ဗိုလ်မှူးချုပ်‌စော‌ဂျော်နီ ပါဝင်သည့် အခြားဗဟို‌ကော်မတီဝင်များနှင့် သွား‌ရောက်‌တွေ့ဆုံရန် ဗဟို‌ကော်မတီမှ တာဝန်‌ပေးအပ်ခဲ့သည်ဟုလည်း ‌ကေအဲန်ယူက ယမန်‌နေ့၌ ‌ကြေညာချက်ထုတ်ထားသည်။

၎င်း‌ကြေညာချက်အရ ‌အောက်တိုဘာလ ၁၁ရက်‌နေ့ကလည်း ‌ကေအဲန်ယူ တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ်‌စော‌ဘော‌ကျော်ဟဲ၊ တပ်မဟာ(၃) မှူး ဗိုလ်မှူးချုပ်‌စောအယ်ကလူသိန်းတို့သည် ‌ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ‌စောကွယ်ထူးဝင်း၊ ဗိုလ်မှူးကြီး‌စောထူးထူး‌လေးတို့ နှင့် ‌ကေအဲန်ယူ လွတ်‌မြောက်နယ်‌မြေတ‌နေရာတွင် ‌တွေ့ဆုံခဲ့ရာ ဗဟို‌ကော်မတီအစည်းအ‌ဝေး ဖြစ်‌မြောက်‌ရေးအတွက် သ‌ဘောတူညီမှု ရရှိသည်ဟု ပါရှိသည်။

‌ကေအဲန်ယူ ဗဟိုအလုပ်အမှု‌ဆောင် ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုး၊ ပဒို‌စော‌ရောဂျာခင်နှင့် ပဒို‌စော‌ဒေးဗစ်‌ထောတို့ကို တာဝန်မှ ထုတ်ပယ်လိုက် ‌ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ရက်‌နေ့က ‌ကေအဲန်ယူ ဗဟိုအလုပ်အမှု‌ဆောင် အစည်းအ‌ဝေးက ဆုံးဖြတ်ခဲ့ပြီး‌နောက် ‌ကေအဲန် ယူအဖွဲ့အတွင်း ‌ခေါင်း‌ဆောင်များ၏ သ‌ဘောထား ကွဲလွဲမှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါ ထုတ်ပယ်ထားခံရသည့် ‌ကေအဲန်ယူ ဗဟိုအလုပ်အမှု‌ဆောင် ‌ခေါင်း‌ဆောင်သုံးဦး၏ ကိစ္စကို လာမည့်အပတ် ဗဟို‌ကော်မတီ အစည်းအ‌ဝေးတွင် ဆက်လက် ‌ဆွေး‌နွေးသွားရန် ရှိသည်ဟု ညှိနှိုင်း‌ပြောဆိုခဲ့သူများ၏ ‌ပြောပြချက်အရ သိရသည်။

ထို့အပြင် အမျိုးသားညီညွှတ်‌ရေးအတွက် ကရင်ဘာသာ‌ရေး‌ခေါင်း‌ဆောင်များကလည်း အကြံပြုချက် ၅ချက်ဖြင့် သိက္ခာ‌တော်ရဆရာ ‌တော် ‌စော‌ရောဘတ်‌ထွေးနှင့် ဘုန်း‌တော်ကြီးဦးဝိဇာနတို့၏ လက်မှတ်များဖြင့် ‌ကေအဲန်ယူထံ ‌အောက်တိုဘာလ ၁၂ရက်‌နေ့က ပန်ကြား လွှာ ‌ပေးပို့ခဲ့သည်။

ယင်းအကြံပြုချက်များတွင် ‌ခေါင်း‌ဆောင်ထုတ်ပယ်မှု ဆုံးဖြတ်ချက်ကို ရုတ်သိမ်း‌ပေးရန်၊ သ‌ဘောထားကွဲလွဲမှု အရင်းအမြစ်များအား နှစ်ဖက် အမြန်ဆုံး အ‌ဖြေရှာ‌ဖြေရှင်းရန်၊ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင်များမှ အမြန်ဆုံး ‌တွေ့ဆုံ‌ဆွေး‌နွေး‌ဖြေရှင်းကာ ပြည်တွင်း ပြည်ပရှိ ကရင်လူမျိုးအားလုံး သိရှိနိုင်‌ရေး ထုတ်ပြန်‌ပေးရန်အပြင် ၁၅ကြိမ် ‌ကေအဲန်ယူကွန်ဂရက်သို့ ညီညွှတ်စွာ တက်‌ရောက်ရန်နှင့် လိုအပ်ပါက ကြားဝင်‌စေ့စပ်‌ဆောင်ရွက်‌ပေးရန် ဆန္ဒအသင့်ရှိ‌ကြောင်း ပါရှိသည်။