နိုဝင်ဘာ (၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများအတွက် လောင်စာဆီထောက်ပံ့နေသည့် ကွင်းဆက်ကို ဖြတ်တောက်ရန်နှင့် နိုင်ငံရေးတရားဝင်မှု ပြန်လည်ရရှိစေရေး ကူညီနေမှုများကို ရပ်တန့်ရန် အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို မြန်မာအရပ်ဘက်အဖွဲ့အစည်း (၂၄) ဖွဲ့ပါဝင်သော မြန်မာနိုင်ငံ အမျိုးသား စီစဉ်ညှိနှိုင်းရေးကော်မတီ (Myanmar NOC) က တောင်းဆိုကြောင်း သိရသည်။
အောက်တိုဘာ (၂၇) ရက်မှ (၂၉) ရက်အထိ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် (၂၁) ကြိမ်မြောက် အာဆီယံလူမှုအဖွဲ့အစည်းများညီလာခံနှင့် အာဆီယံပြည်သူ့ဖိုရမ် (ACSC/APF) တွင် မြန်မာအရပ်ဖက်(၂၄)ဖွဲ့ ကိုယ်စားပြုအဖွဲ့က ထိုသို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။
“ မြန်မာစစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် လောင်စာထောက်ပံ့ပေးနေတဲ့ ကွင်းဆက်ကို အာဆီယံက ဖြတ်တောက်ရပါမယ်။ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေသူနဲ့ ဆွေးနွေးဖို့အတွက် မြန်မာပြည်သူတွေရဲ့ နေ့စဉ်ဒုက္ခတွေကို လျစ်လျူရှုနေတာဟာ ငြိမ်းချမ်းရေးတည်ဆောက်မှု မဟုတ်ပါဘူး” ဟု ပွဲပါဝင်တက်ရောက်သူ Sitt Nyein Pann Foundation ၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ တာဝန်ခံ နန္ဒက ထုတ်ပြန်ချက်ထဲတွင် ပြောသည်။
ထို့အပြင် အရပ်ဖက်(၂၄)ဖွဲ့ကိုယ်စားလှယ်များသည် မြန်မာစစ်အုပ်စုက ပြည်သူများကို အတင်းအကျပ်စစ်မှုထမ်းခိုင်းစေမှု၊ နေရပ်စွန့်ခွာထွက်ပြေးရမှု၊ ဒုက္ခသည်အရေးနှင့် စစ်တပ် စီးပွားရေးဆိုင်ရာ အရင်းအမြစ်များ စသည်တို့ကိုလည်း ဆွေးနွေးတင်ပြခဲ့ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အရပ်ဖက်အဖွဲ့များသည် အာဆီယံအပါအဝင် အစိုးရများအနေဖြင့် ကနေဒါနိုင်ငံကဲ့သို့ စစ်အုပ်စု၏ လေကြောင်းလောင်စာ၊ သယ်ယူပို့ဆောင်ရေးသင်္ဘောနှင့် အာမခံလုပ်ငန်းများကို ပိတ်ပင်သည့် လုပ်ဆောင်ချက်ကို လိုက်နာကြရန်လိုကြောင်းကိုလည်း ဖိုရမ်အတွင်း တိုက်တွန်းသွားခြင်းဖြစ်သည်။
ထို့အတူ PTT/PTTEP က စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကို ငွေကြေးထောက်ပံ့မှု ရပ်တန့်သည်အထိ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများနှင့် ဘဏ်များက ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ရုပ်သိမ်းရန် တိုက်တွန်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် ဒုက္ခသည်များနှင့် နိုင်ငံသားဖြစ်ခွင့်မဲ့သူများကို ကာကွယ်ရေး၊ အတင်းအကျပ်စစ်မှုထမ်းစေမှုကို ဒေသတွင်းလုံခြုံရေးပြဿနာအဖြစ် ကိုင်တွယ်ရေးနှင့် လူငယ်များအား ဆုံးဖြတ်ချက်ချရာတွင် အမှန်တကယ် ပါဝင်ခွင့်ပေးရေးတို့ကိုလည်း အရပ်ဘက်အဖွဲ့များက အဓိက တောင်းဆိုခဲ့ကြခြင်းရှိသည်။
ACSC/APF သည် အရှေ့တောင်အာရှတစ်ဝန်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အခြေခံလူထုအဖွဲ့များနှင့် ပြည်သူ့လှုပ်ရှားမှုအဖွဲ့များ စုစည်းကာ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စများကို ဆွေးနွေးတင်ပြသည့် နှစ်စဉ်ဖိုရမ်တစ်ခုဖြစ်သည်။


















