အောက်တိုဘာ (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
Freedom House က အကဲဖြတ်သည့် ၂၀၂၆ ခုနှစ်အတွက် အင်တာနက်လွတ်လပ်ခွင့်ရနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံသည် ညွှန်းကိန်းအမှတ်(၁၀၀)လျှင် (၉)မှတ်ရလဒ်ဖြင့် အဆိုးရွားဆုံး ကမ္ဘာ့နိုင်ငံများစာရင်းတွင် ဆက်လက်ပါဝင်နေကြောင်း သိရသည်။
နိုင်ငံအလိုက် အင်တာနက်ရရှိမှုဆိုင်ရာ အတားအဆီးများ၊ အကြောင်းအရာကန့်သတ်ချက်များနှင့် အင်တာနက်အသုံးပြုသူများ၏ အခွင့်အရေးချိုးဖောက်ခံရမှု ရှိမရှိ လေ့လာစမ်းစစ်ပြီး အမှတ်ပေးသည့် Freedom House ၏ စည်းမျဥ်းအရ မြန်မာက သုံးနှစ်ဆက်တိုက် (၉)မှတ်ရရှိပြီး ယခုနှစ်တွင် တရုတ်၊ အီရန်နိုင်ငံတို့နှင့် တန်းတူရပ်တည်နေခြင်းလည်း ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ဖြစ်ပေါ်လာသည့်ပဋိပက္ခများအတွင်း ဆက်သွယ်ရေးအခြေခံအဆောက်အအုံများပါ ပျက်စီးခဲ့ကြောင်း မြန်မာနိုင်ငံ၏အင်တာနက်သုံးစွဲမှု လွတ်လပ်ခွင့်ကို စောင့်ကြည့်မှတ်တမ်းတင်၍ Freedom House က သုံးသပ်သည်။
ထို့အပြင် စစ်အုပ်စုသည် သတင်းအချက်အလက်များကို စိစစ်ပိတ်ပင်ခဲ့သလို အင်တာနက်ဝန်ဆောင်မှု ပေးသူများကိုလည်း တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်သောနည်းလမ်းဖြင့် စောင့်ကြည့်ထိန်းချုပ်ခဲ့သည်ဟု ဆိုသည်။

“ဆိုရှယ်မီဒီယာသုံးပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုသူတွေဆိုလည်း ဖမ်းဆီးခံရတယ် စောင့်ကြည့်ခံရတယ်။ ခြုံပြောရင် ဒီဂျစ်တယ်အခွင့်အရေးလေးစားလိုက်နာမှုက တော်တော်ဆုတ်ယုတ်နေပြီ။ ဒီအခြေအနေတွေအရတော့ ညွှန်းကိန်းတွေက ကျသွားဖို့ပဲရှိတယ်” ဟု Freedom House ၏ အကဲဖြတ်မှုအပေါ် Myanmar Internet Project-MIP မှ ကိုသစ်ဥာဏ်က မှတ်ချက်ပေးသည်။
ထို့အပြင် MIP ၏မှတ်တမ်းများအရ ၂၀၂၅ ခုနှစ်တွင် အွန်လိုင်းမှထုတ်ဖော်ပြောဆိုမှုကြောင့် စစ်အုပ်စု၏ ဖမ်းဆီးခံရသူ အမျိုးသား (၁၂၇) ဦး၊ အမျိုးသမီး (၅၉) ဦးနှင့် အမျိုးအစားမသတ်မှတ်ရသေးသူ (၁၁) ဦး စုစုပေါင်း (၁၉၇) ဦး ရှိခဲ့ကြောင်း သိရသည်။ ထိုအထဲမှ အနည်းဆုံး (၃၄) ဦးကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေဖြင့် စစ်အုပ်စုက တရားစွဲဆိုထားခြင်း ဖြစ်သည်။
အထူးသဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ အတုအယောင်ရွေးကောက်ပွဲကျင်းပနေသည့်ကာလမှာပင် သတင်းဝက်ဆိုက်ဘ်များ၊ ဆိုရှယ်မီဒီယာပလက်ဖောင်းများကို စစ်အုပ်စုက ပိတ်ပင်မှုပိုများပြားခဲ့ပြီး ရွေးကောက်ပွဲကိုဆန့်ကျင်တားဆီးသူများအား အရေးယူမည့် ဥပဒေတစ်ရပ် ထုတ်ပြန်၍ ဖမ်းဆီးမှုများ ရှိခဲ့ကြောင်း Freedom House က ၎င်းင်းတို့၏ဝက်ဆိုက်ဘ် စာမျက်နှာတွင် ဖော်ပြသည်။
၁၉၄၁ ခုနှစ်က နာဇီဂျာမနီကို ဆန့်ကျင်ရန်နှင့် ဒီမိုကရေစီကို ကာကွယ်ရန် တည်ထောင်ခဲ့သည့် အမေရိကန်အခြေစိုက် အဖွဲ့အစည်း Freedom House သည် အစိုးရများ၊ လူ့အခွင့်အရေးအဖွဲ့များ၊ သတင်းမီဒီယာနှင့် သုတေသီများ ကိုးကား၍ ကိုယ်ပိုင်သုတေသနစမ်းစစ်ချက်များဖြင့် နိုင်ငံတကာ၏ အင်တာနက်နှင့် ဒစ်ဂျစ်တယ်မီဒီယာလွတ်လပ်မှုကို နှစ်စဉ်အစီရင်ခံလေ့ရှိသည်။


















