အောက်တိုဘာ (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကော်သူးလေနယ်မြေအတွင်းတရားရေးစနစ် ပိုမိုကောင်းမွန်လာရေးအတွက် ရည်ရွယ်ပြီး ဥပဒေနှင့် တရားရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်မည်ဖြစ်သဖြင့် စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ကြောင်း ကရင်ဥပဒေအထောက်ကူပြုအဖွဲ့ (KLAC) က ဖိတ်ခေါ်သည်။
KLAC က ဦးဆောင်သော တတိယအကြိမ်မြောက် ကော်သူးလေ ဥပဒေပညာသင်ကျောင်း အစီအစဥ်အောက်တွင် ဥပဒေနှင့် တရားရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး သင်တန်းအား ဖွင့်လှစ်သွားရန် ပြီးခဲ့သည့် အောက်တိုဘာ(၁၄)ရက်နေ့မှစတင်ကာ လူမှုကွန်ရက်ပေါ်တွင် ကြေညာထားခြင်းဖြစ်သည်။
ကော်သူးလေနယ်မြေအတွင်း ဥပဒေနှင့် တရားရေးဆိုင်ရာ ကျွမ်းကျင်သူများ တိုးပွားလာစေရန်နှင့် ပြည်သူများ တရားမျှတမှုဆိုင်ရာ ဝန်ဆောင်မှုများကို ထိရောက်စွာ လက်လှမ်းမီ ရရှိနိုင်ရေး ရည်ရွယ်ဖွင့်လှစ်သော (၅)လကြာ သင်တန်းဖြစ်သဖြင့် စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ကြောင်း KLAC ထံမှ သိရသည်။
“ကော်သူးလေအတွင်းမှာ ဥပဒေနဲ့ တရားရေးဆိုင်ရာ ကျွမ်းကျင်သူတွေ များပြားလာရင် ပြည်သူတွေအနေနဲ့ တရားရေးဆိုင်ရာ ဝန်ဆောင်မှုနဲ့ အရင်းအမြစ်တွေကို ထိရောက်စွာ လက်လှမ်းမီလာနိုင်မယ်။ ဒီအတွက် ဒေသအခြေအနေ၊ ပြည်သူတွေရဲ့လိုအပ်ချက်နဲ့ တရားမျှတမှုဆိုင်ရာ စံနှုန်းတွေကို အခြေခံတဲ့ ထိရောက်တဲ့ စနစ်တစ်ခု ဖြစ်လာစေဖို့ ရည်ရွယ်တယ်” ဟု KNLA ၏ ဒါရိုက်တာ ပဒိုနော်လွဲထူးစေးက ပြောသည်။
သင်တန်းကို ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစတင်ကာ မေလ (၃၀) ရက်နေ့အထိ စာတွေ့ (၄) လနှင့် ကွင်းဆင်း (၁) လ စုစုပေါင်း (၅) လ ပို့ချသင်ကြားသွားမည်ဖြစ်သည်။ လျှောက်ထားလိုသူများအနေဖြင့် ကရင်ဘာသာစကား (စကော သို့မဟုတ် ပိုး) ကို ကျွမ်းကျင်စွာ ရေးသား၊ ပြောဆိုနိုင်သူ၊ အခြေခံပညာ အထက်တန်း အောင်မြင်သူနှင့် အသက် (၂၀) နှစ်မှ (၃၀) နှစ်အတွင်း ရှိရန် KLAC က ကန့်သတ်ထားသည်။
ထို့အပြင် သင်တန်းလျှောက်ထားသူသည် တရားမျှတမှုကို ယုံကြည်သူ၊ ကော်သူးလေ၏ ဥပဒေများကို ချိုးဖောက်ထားခြင်း မရှိသူ ဖြစ်ရမည်ဖြစ်၍ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာခေါင်းဆောင်၏ထောက်ခံချက်လည်း ပါရမည်ဟု ကြေညာချက်က ဆိုသည်။
သင်တန်းပြီးဆုံးပါက မိမိကျေးရွာ၊ မြို့နယ် သို့မဟုတ် သက်ဆိုင်ရာဌာနများတွင် အနည်းဆုံး(၂)နှစ်ပြန်လည်တာဝန်ထမ်းဆောင်နိုင်ရမည် ဖြစ်ကြောင်းလည်း KNLA က ဖော်ပြထားသည်။
ပဒိုနော်လွဲထူးစေးက “ဥပဒေပညာကို လေ့လာတာဟာ မိမိအခွင့်အရေးတင် မဟုတ်ဘဲ တခြားသူတွေရဲ့ အခွင့်အရေးနဲ့ တရားမျှတမှုရဲ့ တန်ဖိုးကို သိရှိဖို့ ဖြစ်ပါတယ်။ လူငယ်တွေရဲ့ အသိပညာဟာ အနာဂတ်မှာ ပိုမိုတရားမျှတတဲ့ လူ့အဖွဲ့အစည်း တည်ဆောက်ဖို့ အားအင်တစ်ခု ဖြစ်လာနိုင်ပါတယ်” ဟု ဥပဒေပညာရပ်ကို စိတ်ပါဝင်စားသူများအား ရည်ညွှန်း၍ဆိုသည်။
အဆိုပါ သင်တန်းလျှောက်လွှာများကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ပြီး လျှောက်လွှာများကို စိစစ်ကာ လူတွေ့မေးမြန်းမှုများ ပြုလုပ်၍ ရွေးချယ်ခံရသူများကို နိုဝင်ဘာလ (၂၅) ရက်နေ့တွင် အသိပေး အကြောင်းကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သတ်မှတ်အရည်အချင်းပြည့်မီသူများအနေဖြင့် KLAC ၏ လူမှုကွန်ရက်စာမျက်နှာ မက်ဆေဂျာမှဖြစ်စေ +၆၆၉၃၀၂၀၉၁၆၅ နှင့် +၆၆၉၂၉၇၁၀၉၇၅ တို့အား စင်ကနယ်မှဖြစ်စေ လျှောက်ထားနိုင်သည်ဟုလည်း KNLA က ဖော်ပြထားသည်။
ကော်သူးလေအတွင်း ဥပဒေရေးရာဝန်ဆောင်မှုပေးနိုင်မည့် ဥပဒေကျောင်းသားများအတွက် ရည်ရွယ်ကာ KLAC နှင့် ကေအဲန်ယူ ၏ ဗဟို တရားရေးဌာနတို့ဦးဆောင်ဖွင့်လှစ်ခဲ့သည့် အဆိုပါသင်တန်းကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မေလတွင် ပထမဆုံးအကြိမ် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။


















