Home တွေ့ဆုံမေးမြန်းခန်း ဒူးပလာယာခရိုင် ကော်သူးလေအမျိုးသမီးများကွန်ရက်(KWN) တာဝန်ခံ နော်သောသီဖော

ဒူးပလာယာခရိုင် ကော်သူးလေအမျိုးသမီးများကွန်ရက်(KWN) တာဝန်ခံ နော်သောသီဖော

20
Photo: KWN

“ခေါင်းဆောင်ပိုင်းမှာဖြစ်ဖြစ် ဆုံးဖြတ်ချက်ချတဲ့အပိုင်းမှာဖြစ်ဖြစ် အမျိုးသားတွေက အမျိုးသမီးတွေကို ပံ့ပိုးရမယ့်အပိုင်းမှာပံ့ပိုးရမယ်၊ နားလည်မှုပေးတဲ့အပိုင်းမှာ နားလည်မှုပေးရမယ်”

ဒူးပလာယာခရိုင် ကော်သူးလေအမျိုးသမီးများကွန်ရက်(KWN) တာဝန်ခံ နော်သောသီဖော

အောက်တိုဘာ (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကော်သူးလေနယ်မြေဒေသအတွင်း ခေါင်းဆောင်ပိုင်းများ၊ ဆုံးဖြတ်ချက်ချသည့်အပိုင်းများတွင် အမျိုးသမီးများ ပိုမို ပါဝင်လာနိုင်ရေး ရည်ရွယ်ချက်တစ်ခုကိုထည့်သွင်း၍ ဖွဲ့စည်းခဲ့သည့် ကော်သူးလေအမျိုးသမီးများကွန်ရက်(KWN) မှ ဦးဆောင်ကာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ ဒူးပယာခရိုင်တွင် ရှမ်းအမျိုးသမီးကွန်ရက်ကို စတင်ဖွဲ့စည်းခဲ့ပါသည်။

ယင်းအပေါ်အခြေခံကာ ခရိုင် KWN က ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဥ်ကိုအကောင်အထည်ဖော်နေမှုများ၊ အခြားသောတိုင်းရင်းသားအမျိုးသမီးကွန်ရက်များကိုလည်း ထပ်မံတွေ့မြင်နိုင်စရာရှိမရှိနှင့် ကော်သူးလေ ဖက်ဒယ်ယူနစ်မှာ အမျိုးသမီးကွန်ရက်များ၏အရေးပါပုံကို သိရှိနိုင်ရန် KWN ၏ ဒူးပလာယာခရိုင် တာဝန်ရှိသူ နော်သောသီဖော နှင့် ကေအိုင်စီ-ကရင်သတင်းဌာနမှ ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ကော်သူးလေအမျိုးသမီးများကွန်ရက်(KWN)ရဲ့ ခရိုင်အဆင့် တွေ့ဆုံဆွေးနွေးပွဲကို ပထမဆုံးအဖြစ် ဒူးပလာယာခရိုင်မှာ ကျင်းပပြီးစီးခဲ့ပြီးနောက်ပိုင်း ချမှတ်ထားတဲ့လုပ်ငန်းစဥ်တွေအရ ဆက်လက် လုပ်ဆောင်ဖြစ်ခဲ့တဲ့ အခြေအနေတွေကို အရင်ဆုံး ပြောပြပေးပါလား။
ဖြေ။ ခရိုင်အဆင့်ပြုလုပ်သွားတာတော့ ဖေဖော်ဝါရီ(၃)ရက်နဲ့ (၄) ရက်ပေါ့နော်။ အဲဒီမှာရှေ့လုပ်ငန်းစဥ်တွေရှိပါတယ်။ ရှေ့လုပ်ငန်းစဥ်ထဲမှာ တချို့ကတော့ ခရိုင်အဆင့်ဆုံးဖြတ်ရမယ့်အရာပါတယ်။ KWN ကိုယ်တိုင်လုပ်ရမယ့်အရာပါတယ်။ KWN လုပ်ရမယ့်အပိုင်းကတော့ ခရိုင်ထဲလုပ်ငန်းစုဖွဲ့မှုအတွင်းမှာ အဖွဲ့ငယ်တွေဖွဲ့စည်းတည်ထောင်ဖို့ပေါ့။

ကျမတို့အဲဒီခရိုင်အမျိုးသမီးတွေ့ဆုံပွဲမှာ Monitoring Team(စောင့်ကြည့်လေ့လာရေးအဖွဲ့) ကတော့အဲဒါဖွဲ့ထားပြီးပြီ။ ကျန်တဲ့ဟာတော့ working Committee(အလုပ်အဖွဲ့) ဖွဲ့ဖြစ်ခဲ့တယ်။ IT (နည်းပညာ) အဖွဲ့တွေဖွဲ့ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာတော့ရှမ်းအမျိုးသမီးနဲ့တွေ့ဆုံပွဲတွေလုပ်ဖြစ်ခဲ့တယ်။ ကေအဲန်ယူခေါင်းဆောင်တွေနဲ့ပြန်လည်တင်ပြတယ်ဆိုတဲ့အပိုင်းမှာတော့ ကျမတို့ခရိုင်မှာဆိုရင် နိုင်ငံရေးနဲ့စည်းရုံးရေးကော်မတီအဖွဲ့အောက်မှာ KWN မှာထားပေးတာပေါ့နော်။ အဲဒီမှာ ကော်မတီအစည်းအဝေးကျမတို့နှစ်ကြိမ်တက်ခဲ့ပြီး KWN အကြောင်းကိုတင်ပြခဲ့တယ်။ အဲဒီအဆင့်တော့လုပ်ဖြစ်ခဲ့တယ်။ အခုနောက်ဆုံးကတော့ ရှမ်းအမျိုးသမီးတွေနဲတွေ့ဆုံစုဖွဲ့မှု ဖြစ်ခဲ့တာပေါ့။

မေး။‌ ဒူးပလာယာခရိုင်ထဲက မြို့နယ်တွေမှာ ကရင်လူမျိုး အပါအဝင် အခြားတိုင်းရင်းသားတွေလည်း နေထိုင်ကြပါတယ်။ အခြားတိုင်းရင်းသူတွေရဲ့ ဒီလှုပ်ရှားမှုထဲ ပါဝင်မှုအခန်းကဏ္ဍအဖြစ် ရှမ်းအမျိုးသမီးကွန်ရက်ကို ဖွဲ့စည်းပေးနိုင်ခဲ့တဲ့အကြောင်းလည်း ရှင်းပြပေးပါဦး။
ဖြေ။ အုပ်ချုပ်ရေးအပိုင်းတွေမှာ အမျိုးသမီးတွေပိုပြီးပါဝင်လာဖို့အတွက် ပြီးတော့ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အမျိုးသမီးတွေ သူတို့ကိုယ်သူတို့ပိုပြီးတော့ ယုံကြည်မှုနဲ့ဆုံးဖြတ်တတ်လာအောင် နောက်တစ်ခုက ကျမတို့အမျိုးသမီးတွေအချင်းချင်း ချိတ်ဆက်မှုအားကောင်းအောင် လုပ်ဆောင်ရတာပေါ့နော်။

ကျမတို့က ခရိုင်ခေါင်းဆောင်တွေအစည်းအဝေးမှာတင်ပြတော့ နိုင်ငံရေးနဲ့စည်းရုံးရေးတာဝန်ရှိသူတွေက မြို့နယ်မှာ ဘာလူမျိုးတွေဘယ်လောက်ရှိတယ် စိစစ်တာပေါ့နော်။ ရလာတဲ့အဖြေအပေါ်မှာ ကျမတို့ခရိုင်မှာဆိုရင် ရှမ်းရှိမယ် ပအိုဝ်းရှိမယ် ဗမာရှိမယ် အခြားတိုင်းရင်းသားတွေလည်းရှိတာပေါ့နော်။ အဲဒီထဲမှာ ဘယ်အဖွဲ့ကိုအရင်တွေ့ဆုံမလဲဆိုတော့ ကျမဆိုရင် BPHWT(နယ်လှည့်ကျောပိုးအိတ်လုပ်သားအဖွဲ့) မှာ ရှမ်းအမျိုးသမီးဆရာမတစ်ယောက်နဲ့သိတာရှိတယ်။ သူက သူ့ရွာမှာ Shan Women Development Team သူဖွဲ့နိုင်တဲ့အပေါ်မှာ ကျမနဲ့ချိတ်ဆက်တယ်လေ။ ချိတ်ဆက်ဖြစ်တော့ သူ့မှာအဖွဲ့ရှိတယ် သူ့ရွာမှာလည်း ရှမ်းကတစ်ရွာလုံးဆိုတော့ အဲဒီမှာအရင်လုပ်မယ်ဆိုပြီး စိတ်ရှိတဲ့အပေါ်မှာ မြို့နယ်တွေအကုန်ညှိနှိုင်းတိုင်ပင်ပြီးတဲ့အပေါ်မှာ အဆင်ပြေတယ်ဆိုတော့ လုပ်ဖြစ်ခဲ့တာပါ။

နောက်ပြီးတော့ အခုက ကျမတို့ခရိုင်အနေနဲ့ပဲလုပ်တာ။ မြို့နယ်(၅)ခုမှာ စိစစ်သိလိုက်တာက (၁၄)ရွာလောက်ရှိတဲ့အထဲမှာ (၆)ရွာလောက်ပဲရှိတာပေါ့။ ခရိုင်တောင်တစ်စုံလုံးမပါလာသေးဘူး ပြောရမယ်။ အဲဒီ(၆)ရွာရဲ့ချိတ်ဆက်မှုတာဝန်ခံ(၆)ယောက်ပဲ လောလောဆယ် ကျမတို့ရသေးတယ် နောက်ပွဲလည်းထပ်လုပ်ဖို့ရှိတယ်။ ဆက်လက်လုပ်ဆောင်သွားဖို့လည်း သဘောထားပေးထားတာရှိပါတယ်။ ရွာထဲမှာအမျိုးသမီးအဖွဲ့တွေလုပ်ဖို့ပေါ့။ ကျမတို့လိုအပ်တဲ့သင်တန်းတွေဘာတွေပေးပြီးမှ တစ်စုံလုံးပြန်လုပ်ဖို့ရှိတယ်။ လောလောဆယ်တော့ ချိတ်ဆက်မှုတာဝန်ခံ(၆)ယောက်ပဲရသွားတယ်။ လက်ရှိမှာ ကော်သူးလေတစ်ခုလုံးမဟုတ်တဲ့အပြင် တခြားခရိုင်ဆိုလည်း ကျမတို့အတွက် မဖြစ်နိုင်သေးဘူး။ ဒီရှမ်းအမျိုးသမီးစုဖွဲ့မှုကနေ နောက်မှ ရှမ်း Network အချင်းချင်း ချိတ်ဆက်တာချိတ်ဆက်ပေါ့နော်။ အခုကတော့ အစပျိုးတာပဲရှိပါသေးတယ်။

မေး။ ကရင်ဒေသထဲမှာ ရှမ်းအမျိုးသမီးကွန်ရက်က ခရိုင်မှာ စတင် ဖွဲ့စည်းတာမျိုးအပေါ်မှာ အဖွဲ့အစည်းတွေနဲ့ ဒေသ တွင်းက နယ်မြေတာဝန်ခံ အမျိုးသားတွေရဲ့ ပါဝင်ဝန်းရံပေးမှုတွေ အခြေအနေက ဘယ်လိုရှိပါသလဲ။‌
ဖြေ။ ပါဝင်မှုကတော့ အရမ်းပီတိဖြစ်တယ် ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေလည်း သွားစေချင်တဲ့သဘောပါတယ်။ အဖွဲ့အစည်းတွေအဲဒီမှာရှိလာတော့ သူတို့အားပေးတယ်။ လုံခြုံရေးဆိုလည်းသူတို့ယူပေးတယ်။ နေထိုင်ရေးစားသောက်ရေးဆိုလည်း သူတို့တွေက ဘယ်နေရာမှာလုပ်သင့်တယ် ဘယ်မှာထားသင့်တယ်ဆိုတာ သာမက လိုအပ်တာရှိရင် သူတို့ဆက်ပြီးတော့ကူတာတွေ့ရတယ်။ ဒီအစည်းအဝေးကိုသူတို့ပိုပါဝင်လာတာတွေ့ရတယ်။ တွေ့ဆုံဆွေးနွေးပွဲ နောက်တစ်ရက်ဆို ယောင်္ကျားလေးတွေ ပိုတောင်များလာတယ်။ သူတို့တက်တက်ကြွကြွနဲ့အားပေးလာတဲ့ သဘောတွေ့ရတယ်။

မေး။ ကော်သူးလေမှာ ရှမ်းတိုင်းရင်းသားအပြင် အခြားတိုင်းရင်းသူအမျိုးသမီးတွေအတွက်ကို ရော နောက်ထပ်ကွန်ရက်စုဖွဲ့မှုတွေနဲ့ရှေ့ဆက်သွားဖို့ရှိသလား ဘယ်လိုစဥ်းစားထားပါသလဲ။
ဖြေ။ ဖွဲ့ဖို့ရှိတယ် စီစဥ်နေတုန်းပဲ။ အဓိကကတော့ချိတ်ဆက်မှုသေချာရှိနိုင်ဖို့ရယ် လုပ်နိုင်တဲ့အခြေအနေ အကုန်လုံးကြည့်ပြီးပြီတော့ လုပ်သွားဖို့ရှိတယ်။ အခုကျန်ရှိတာက မွန်တို့၊ ပအိုဝ်းတို့၊ ဗမာတို့ အဲဒါတွေရှိတယ်ပေါ့နော်။

မေး။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ဖက်ဒရယ်ယူနစ်တစ်ခုအဖြစ် ကိုယ်ပိုင်အုပ်ချုပ်မှုနဲ့သွားနေတဲ့ အပေါ် ဒီလိုဒေသတွင်း အမျိုးသမီးတွေကွန်ရက်ဖွဲ့စည်းမှုတွေနဲ့ ဘယ်လောက်အရေးကြီးတယ်လို့ ယူဆသလဲဆိုတာ သိပါရစေ။
ဖြေ။ အမျိုးသမီးကွန်ရက်ကတော့ အရေးကြီးတယ်ပဲပြောရမှာပေါ့။ အမျိုးသမီးတွေက ထောင့်စုံဘက်စုံမှာလုပ်နေရတယ်။ ဒါပေမဲ့ အများကြီးမပါလာတဲ့အပေါ်မှာ ဒီလိုမျိုးကွန်ရက်တွေရှိလာရင် ဥပမာအားဖြင့် အုပ်ချုပ်ရေးပဲဖြစ်ဖြစ် ဥပဒေရေးဆွဲတဲ့နေရာမှာပဲဖြစ်ဖြစ် လုံခြုံရေးတို့ ဖွံ့ဖြိုးရေးတို့ပေါ့နော်။ အခုအမျိုးသမီးနဲ့အမျိုးသားဆိုရင် ခေါင်းဆောင်ပိုင်းမှာ အမျိုးသားပိုများတယ်လေ။ အမျိုးသမီးတွေအတွက် မကိုက်ညီတာရှိတဲ့အပေါ်မှာ အမျိုးသမီးအဖွဲ့တွေရှိပြီး အမျိုးသမီးရဲ့ဆုံးဖြတ်ချက်တွေပါဖို့အတွက် ကဏ္ဍစုံနေရာစုံမှာ ပါလာဖို့အရေးကြီးတယ်။

မေး။ ကော်သူးလေဒေသတွင်းမှာ နိုင်ငံရေးအုပ်ချုပ်ရေးပိုင်းမှာ ထဲထဲဝင်ဝင် ပါဝင်ထားခဲ့တဲ့ ကရင်အမျိုးသမီးအစည်း အရုံး-KWO လိုမျိုးက ရှိနေပြီးသားဆိုတော့ ကျန်တိုင်းရင်းသူအမျိုးသမီးတွေကိုလည်း နိုင်ငံရေး၊ အုပ်ချုပ်ရေးပိုင်း ပါဝင်လာဖို့ ဘယ်လောက်အရေးကြီးပါသလဲ။
ဖြေ။ နယ်မြေတွေမှာကျတော့ လူနည်းစုဖြစ်ပေမယ့် အခြားလူမျိုးတွေလည်းရှိတယ်။ သူတို့မှာလည်း သူတို့အခွင့်အရေးရှိတယ်လေ။ သူတို့ရဲ့ရိုးရာယဥ်ကျေးမှုလား ဘာသာစကားလား မတူညီဘူးလေ။ မတူညီပေမယ့် သူတို့မှာလည်းအခွင့်အရေးရှိတဲ့အပေါ်မှာ ကော်သူးလေရဲ့နိုင်ငံရေး အုပ်ချုပ်ရေးမှာပါလာမှပဲ သူတို့ရဲ့တောင်းဆိုမှုတွေ ပိုပြီးတော့ပြည့်စုံမှာပေါ့နော်။ Karen Women ဆိုတော့ကရင်အမျိုးသမီးပဲရှိမှာ အခြားတိုင်းရင်းသားအမျိုးသမီးတွေ မပါလာသေးတဲ့အပေါ်မှာ ပါလာဖို့ပေါ့နော်။

မေး။ ဖြည့်စွက်ပြောချင်တာများရှိရင် ပြောပေးပါအုံး။
ဖြေ။ ကျမတို့ကေအဲန်ယူမှာ အမျိုးသမီးပါဝင်မှုက(၇)ရာခိုင်နှုန်းပဲရှိတယ်လို့ ဆရာမတစ်ယောက်ပြောသွားတာသိရတယ်။ တအားနည်းတာပေါ့နော်။ ပေါ်လစီမှာတော့ (၃၀)ရာခိုင်နှုန်းပါလာဖို့ ချမှတ်ထားတဲ့အပေါ်မှာ ကြိုးစားနေတာပေါ့နော်။ ကျမပြောချင်တာက အမျိုးသမီးတွေ ခေါင်းဆောင်ပိုင်းမှာဖြစ်ဖြစ် ဆုံးဖြတ်ချက်ချတဲ့အပိုင်းမှာဖြစ်ဖြစ် အမျိုးသားတွေက အမျိုးသမီးတွေကို ပံ့ပိုးရမယ့်အပိုင်းမှာပံ့ပိုးရမယ်။ နားလည်မှုပေးတဲ့အပိုင်းမှာ နားလည်မှုပေးရမယ်။ ဆိုလိုတာက အိမ်ထောင်မှုတာဝန်ကို အမျိုးသားတွေလည်း ခွဲဝေယူပေးဖို့လိုမှာပေါ့နော် အဲဒါမှပဲအမျိုးသမီးတွေလည်း ပိုပြီးတော့ ပါဝင်လာနိုင်မယ်။