အောက်တိုဘာ (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာအရပ်သားပြည်သူများအပါအဝင် ကျန်းမာရေးဝန်ထမ်းများ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးသူများ၊ လူ့အခွင့်အရေးအတွက် တက်ကြွလုပ်ဆောင်သူများကို အကာအကွယ်ပေးရန် မယ်တော်ဆေးခန်းသို့ အိုကီနာဝါငြိမ်းချမ်းရေးဆု ပေးပွဲအခမ်းအနားတွင် ဒေါက်တာစင်သီယာမောင်က တောင်းဆိုသည်။
ဂျပန်နိုင်ငံကရွေးချယ်ချီးမြှင့်သည့် အဆိုပါဆုကို ယနေ့၊ အောက်တိုဘာ (၁၉)ရက်နေ့က ဂျပန်နိုင်ငံ၊ အိုကီနာဝါခရိုင်၊ နာဟာမြို့တွင် ပွဲပြုလုပ်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနား၌ မယ်တော်ဆေးခန်းဦးဆောင်သူမှ ထိုသို့ ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။
မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို လျှော့ချရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ရန် အခြေခံအုတ်မြစ်ဖြစ်လာမည့် လူထုကို အကာအကွယ်ပေးရမည်ဟု ဒေါက်တာစင်သီယာမောင်က ဆိုသည်။
“အရပ်သားပြည်သူတွေ ကျန်းမာရေးဝန်ထမ်းတွေ လူသားချင်းစာနာမှု အကူအညီပေးသူတွေ သတင်းစာဆရာတွေ၊ လူ့အဖွဲ့အစည်းကိုကာကွယ်ဖို့ အသက်ကိုပါ စွန့်လွှတ်နေကြတဲ့သူတွေအတွက် ပိုမိုခိုင်မာတဲ့ ကာကွယ်စောင့်ရှောက်မှုကို ကျမတို့တောင်းဆိုပါတယ်” ဟု ၎င်းက ဆုပေးပွဲအခမ်းအနားတွင် ပြောသည်။
ထို့အပြင် နယ်စပ်နေဒေသခံလူထုများ၏ကျန်းမာရေးစောင့်ရှောက်မှုအတွက် အစိုးရအပါအဝင် အစိုးရမဟုတ်သောအဖွဲ့အစည်း(NGO)များ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် ကျန်းမာရေးဝန်ဆောင်မှုပေးသူများအကြား ခိုင်မာသည့်ပူးပေါင်းဆောင်ရွက်မှုလိုအပ်ကြောင်းလည်း ဒေါက်တာစင်သီယာမောင်က ထောက်ပြသွားသည်။

အိုကီနာဝါခရိုင်က ရွေးချယ်ချီးမြှင့်သည့် အဆိုပါဆုသည် အာရှ-ပစိဖိတ်ဒေသ ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ထင်ရှားသောအထောက်အကူပြု အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်များကို ၂၀၀၁ ခုနှစ်မှစ၍ နှစ်နှစ်တစ်ကြိမ် ရွေးချယ်ချီးမြှင့်ခြင်းဖြစ်သည်။
လက်ရှိ (၁၃) ကြိမ်မြောက်ပေးအပ်သည့် အိုကီနာဝါငြိမ်းချမ်းရေးဆုကို ထိုင်း-မြန်မာနယ်စပ် စစ်ဘေးရှောင်များနှင့်ရွှေ့ပြောင်းလုပ်သားများအတွက် နှစ်ပေါင်းများစွာ အခမဲ့ဆေးကုသပေးနေသော မယ်တော်ဆေးခန်းက ရရှိကြောင်း ပြီးခဲ့သည့် ဩဂုတ်လက အိုကီနာဝါမှ ကြေညာခဲ့သည်။
ဆုကြေးအဖြစ် ဂျပန်ယန်း(၁၀)သန်း (ထိုင်းဘတ်ငွေဖြင့် သန်း ၂၀ ကျော်) ရရှိပြီး ဆုကြေးငွေအား လူငယ်ခေါင်းဆောင်များနှင့်အဖွဲ့အစည်း၏ စွမ်းရည်မြှင့်တင်ရေးအပြင် ရေရှည်တည်တံ့သော ကျန်းမာရေးဝန်ဆောင်မှုများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်းလည်း ဒေါက်တာစင်သီယာမောင် သတင်းမီဒီယာသို့ ဖြေကြားခဲ့သည်။
မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင်နှင့်အဖွဲ့သည် ဆုလက်ခံယူရန် ပြီးခဲ့သည့် ရက်သတ္တပတ်တည်းက ဂျပန်နိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ပြီး အောက်တိုဘာ(၁၆)ရက်နေ့က ဂျပန်လွှတ်တော်အတွင်း ကျင်းပသည့် မြန်မာ့ဒီမိုကရေစီအရေးဆိုင်ရာ ဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။


















