Home သတင်း အယ်လ်နီညိုကြောင့် ရာဘာစေး အထွက်နှုန်းနည်းမည်ကို မွန်-ကရင်ဒေသရှိ ရာဘာစိုက်တောင်သူများ စိုးရိမ်

အယ်လ်နီညိုကြောင့် ရာဘာစေး အထွက်နှုန်းနည်းမည်ကို မွန်-ကရင်ဒေသရှိ ရာဘာစိုက်တောင်သူများ စိုးရိမ်

15

အောက်တိုဘာ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံတွင် အယ်လ်နီညိုဖြစ်စဥ်ရိုက်ခတ်မှုကြောင့် ယခင်နှစ်ထက် အပူချိန်ပိုမိုများလာမည်ဖြစ်၍ မွန်နှင့်ကရင်ဒေသတွင် ယခုနှစ်အတွင်း ရာဘာစေးအထွက်နှုန်း နည်းလာမည်ကို တောင်သူများက စိုးရိမ်နေကြသည်။

၂၀၂၆-၂၀၂၇ ခုနှစ်အတွင်း အယ်နီညိုသက်ရောက်မှုကြောင့် အပူချိန်အမြင့်ဆုံးကြုံတွေ့ရမည့်ဒေသများတွင် မြန်မာနိုင်ငံတောင်ပိုင်းဒေသ၊ ကရင်၊ မွန်နှင့် တနင်္သာရီတိုင်းတို့ပါဝင်ကြောင်း မိုးလေဝသပညာရှင်များက တရားဝင်တွက်ချက်ခန့်မှန်းထားခြင်းရှိသည်။

လက်ရှိအချိန်သည် မိုးအကုန် ရာဘာစေး စတင် ခြစ်ယူနေသည့် ကာလအစဖြစ်၍ ပုံမှန်ရာဘာစေးအထွက်နည်း လျော့နေသေးသော်လည်း ယခင်နှစ်ထက် ရာသီဥတု ပိုမိုပူလာသောကြောင့် အထွက်နှုန်း ထပ်မံကျမည်ကို တောင်သူများက စိုးရိမ်နေကြသည်။‌

“အခုက ရာဘာအစေး စခြစ်တုန်းပဲဆိုတော့ ရနည်းတာပုံမှန်ပဲ။ ဒါပေမယ့် ဒီလိုရာသီဥတု ပူရင်တော့ ရာဘာစေးက ကျနည်းလောက်မယ်။ ဘာဖြစ်လို့လဲဆိုရင် ရာဘာက အေးလေ ပိုကျလေပဲ။ အခုက အအေးနည်းပြီး အပူများလာတော့ ရာဘာစေးခြောက်ပြီး ကျနည်းတတ်တယ်” ဟု ကော့ကရိတ်မြို့နယ်ရှိ ရာဘာစိုက်တောင်သူတစ်ဦးက ပြောသည်။

တဖက်တွင်လည်း ကုန်စျေးနှုန်းအဆမတန်မြင့်တက်မှုနှင့်အတူ ဓာတ်မြေဩဇာစျေးနှုန်းမှာ တစ်အိတ်လျှင် ငွေကျပ် ၂၀,၀၀၀ ကျော်အထိ ဖြစ်လာ၍ တောင်သူအချို့သည် ဓာတ်မြေဩဇာဝယ်ယူ အသုံးမပြုနိုင်သည့် အခြေအနေတွင်ရှိနေသည်။

ထို့ကြောင့် ဓာတ်မြေဩဇာ ပုံမှန်ဝယ်ယူမထည့်နိုင်ဘဲ ရာဘာစေးအထွက်နှုန်းလည်း နည်းသွားခြင်းရှိသည်ဟု မွန်ပြည်နယ် ကျိုက်မရောမြို့နယ် မရင်းကုန်းရွာနေ ရာဘာတောင်သူတစ်ဦးက ဆိုသည်။

၎င်းက “ကျနော်တို့ခြံက တကယ့်အကြီးတော့မဟုတ်ဘူး။ ဒါပေမယ့် မြေဩဇာစျေးတွေတက်တော့ ဒီနှစ်မြေဩဇာမထည့်တော့ဘူး။ ရာဘာတွေက မြေဩဇာထည့်ရင် အစေးကျတာများတယ် ရပ်လိုက်ရင် ကျနည်းသွားပြီ။ အဲဒါကြောင့် အခုဆို နည်းနည်းပဲကျတယ်” ဟု ကေအိုင်စီကို ပြောသည်။

မြန်မာနိုင်ငံ၏ ရာဘာအထွက်နှုန်းအများဆုံးသည် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့မှ ဖြစ်ပြီး ကရင်ပြည်နယ်၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့ ရာဘာစိုက်ပျိုးမှုရှိသော်လည်း မိုးရာသီတွင်မူ ရာဘာအစေးခြစ်လုပ်ငန်း ရပ်နားထားခြင်းရှိသည်။

ထို့အတူ ရာဘာအထွက်နှုန်းများသည့် မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ-ဖေဖော်ဝါရီအတွင်း ရာဘာ တစ်ပေါင်လျင် ၂,၈၀၀ ကျပ်အထိ စျေးရှိခဲ့သည်။ နှစ်ကုန်ပိုင်း ရာဘာစေး ပြန်လည်စတင်ခြစ်သည့်အချိန် အဖွင့်စေးနှုန်း တစ်ပေါင်လျင် ၃,၈၀၀ ကျပ် ရှိနေကြာင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရသိရသည်။

မြန်မာ့ရာဘာ ၇၅ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံသို့အဓိကပို့၍ ထိုနောက်မှ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ကိုးရီးယား၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့ကိုပါ တင်ပို့ကြခြင်းဖြစ်သည်။