Home သတင်း ကရင်ပြည်နယ်စစ်အုပ်စုဦးဆောင်ပြီး ကရင်လက်နက်ကိုင်ခေါင်းဆောင်အချို့ပါဝင်သည့် ပြည်နယ် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ဖားအံတွင် ပြုလုပ်

ကရင်ပြည်နယ်စစ်အုပ်စုဦးဆောင်ပြီး ကရင်လက်နက်ကိုင်ခေါင်းဆောင်အချို့ပါဝင်သည့် ပြည်နယ် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ဖားအံတွင် ပြုလုပ်

28
Photo: MOI

စက်တင်ဘာ (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်စစ်အုပ်စုကဦးဆောင်ပြီး ကရင်လက်နက်ကိုင်ခေါင်းဆောင်အချို့ပါဝင်သည့် “ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် ၂၀၂၆ ခုနှစ်” ကို ယနေ့ (စက်တင်ဘာလ ၂၆ ရက်) မှစတင်ကာ ဖားအံမြို့တွင် ကျင်းပပြုလုပ်နေကြောင်း စစ်အုပ်စုချုပ်ကိုင်မှုအောက်ရှိ နိုင်ငံပိုင်မီဒီယာများမှ သိရသည်။

နံနက်ဖြန် စက်တင်ဘာ(၂၇)ရက်နေ့အထိ ကျင်းပမည့် အဆိုပါဖိုရမ်ကို ဖားအံမြို့၊ ဇွဲကပင်ခန်းမတွင် ပြုလုပ်နေခြင်းဖြစ်ပြီး ကရင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ပြန်လည်ထူထောင်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောဆိုသွားကြရန်ဖြစ်ကြောင်း အစီအစဥ်မှတ်တမ်းက ဖော်ပြသည်။

“ကရင်ပြည်နယ်ရဲ့ အနာဂတ်ကို တည်ဆောက်ရာမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို သီးခြားစီမမြင်ဘဲ အပြန်အလှန် ဆက်စပ်နေတဲ့ အမျိုးသားရေး တာဝန်အဖြစ် ရှုမြင်ဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ လက်နက်ကိုင် ပဋိပက္ခများ ကင်းဝေးရေး တစ်ခုတည်း မဟုတ်ဘဲ ယုံကြည်မှုနဲ့ လေးစားမှုတွေကို ပူးပေါင်း ဆောင်ရွက်လာနိုင်တဲ့အထိ လွှမ်းခြုံထားတာ ဖြစ်ပါတယ်” ဟု ပြည်နယ်စစ်အုပ်စုဝန်ကြီးချုပ် စောမြင့်ဦးက အဖွင့်စကားပြောသည်။

ထို့အပြင် ဖိုရမ်ဒုတိယနေ့အစီအစဥ်ဖြင့် ကရင်ပြည်နယ်အတွင်း နည်းပညာသက်ရောက်မှု၊ AI စနစ်ထူထောင်ရေး၊ အွန်လိုင်းလုံခြုံရေးနှင့် ဆိုရှယ်မီဒီယာစသည့် ကွန်ရက်အဖွဲ့များအကြောင်း‌ခေါင်းစဥ်ဖြင့် ရှေ့လုပ်ငန်းစီမံ၊ သုံးသပ်ချက်များ ဆက်လက်ဆွေးနွေးရန်ရှိသလို စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ(NSPNC)ကလည်း တင်ပြရန်ရှိနေသည်။

အဆိုပါ ဖိုရမ်သို့ ပြည်နယ်စစ်အုပ်စုတာဝန်ရှိသူများအပါအဝင် ကရင်လက်နက်ကိုင်ခေါင်းဆောင်ဟောင်းနှင့် လက်ရှိခေါင်းဆောင်အချို့လည်း တက်ရောက်လာကြပြီး ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဥက္ကဌဟောင်း စောမူတူးစေးဖိုးက စစ်ရေးပဋိပက္ခများ၏ နောက်ဆက်တွဲအခြေအနေကို ထည့်သွင်းပြောဆိုသွားသည်။

Photo: MOI

၎င်းက “အရင်က NCA လက်မှတ်ထိုးပြီးချိန်မှာ လွတ်လွတ်လပ်လပ် သွားလာနိုင်ခဲ့တယ်။ အခုတော့ စစ်ရေးပဋိပက္ခကြောင့် လမ်းဘေးမှာရှိတဲ့ အဆောက်အအုံတွေ ဖျက်ဆီးခံရပြီး လမ်းတွေ တစ်ခုမှ မကောင်းတော့ဘူး။ ဒါကြောင့် ပြည်သူတွေ စားဝတ်နေရေး ပြေလည်ဖို့ ငြိမ်းချမ်းရေးက တကယ် လိုနေပါပြီ” ဟု ဖိုရမ်အတွင်း ပြောသည်။

နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြချက်အရ စောမူတူးစေးဖိုးအပါအဝင် စစ်အုပ်စုနှင့်အပစ်ရပ်၊ ထိတွေ့ဆက်ဆံနေသော ကရင်ငြိမ်းချမ်းရေးကောင်စီ-PC ဒုဥက္ကဌ နော်ကပေါ်ထူး၊ ဗိုလ်မှူးကြီးစောကျော်ညွှန့်၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောရွှေဝတို့လည်း အဆိုပါဖိုရမ်သို့ တက်ရောက်လာကြကြောင်း သိရသည်။

တက်ရောက်လာသည့် ကရင်လက်နက်ကိုင်ခေါင်းဆောင်အချို့သည် မကြာသေးမီကဖွဲ့စည်းထားသော ကရင်အမျိုးသားစည်းလုံးညီညွတ်မှုဖော်ဆောင်ရေးကော်မတီ-KNPC တွင်လည်းအဖွဲ့ဝင်အဖြစ် ပါဝင်ထားကြသည်။

ပြီးခဲ့သည့် စက်တင်ဘာပထမအပတ်တွင် ပြုလုပ်ခဲ့သော‌ KNPC ကော်မတီဝင်များအစည်းအဝေးတွင်လည်း စစ်ဘေးရှောင်ကူညီရေးအပြင် ငြိမ်းချမ်းရေးနှင့်သက်ဆိုင်သည့်ကိစ္စ ပြည်နယ်စစ်အုပ်စုနှင့်တွေ့ဆုံဆွေးနွေးရန် ထည့်သွင်းဆုံးဖြတ်ခဲ့ကြခြင်းရှိသည်။

ယခုဖိုရမ်တွင်မူ ကရင်လက်နက်ကိုင်ခေါင်းဆောင်များကို KNPC အနေဖြင့်မဟုတ်ဘဲ ငြိမ်းချမ်းရေးကိုယ်စားလှယ်၊ အပစ်ခတ်ရပ်စဲရေး(NCA)ပုဂ္ဂိုလ်များအဖြစ် စစ်တပ်ထိန်းချုပ်ထားသည့် နိုင်ငံ့မီဒီယာများက ဖော်ပြသွားသည်။

Photo: MOI