Home သတင်း ငြိမ်းချမ်းရေးမရရှိသေးသမျှ စစ်အုပ်စုကို ဖိအားပေးရန် KWO တောင်းဆို

ငြိမ်းချမ်းရေးမရရှိသေးသမျှ စစ်အုပ်စုကို ဖိအားပေးရန် KWO တောင်းဆို

21

စက်တင်ဘာ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံတွင် စစ်အုပ်စု၏ အကြမ်းဖက်မှုများကြောင့် အမှန်တကယ် ငြိမ်းချမ်းရေး ရရှိရန် ဝေးကွာနေဆဲဖြစ်သဖြင့် စစ်အုပ်စုအား ထိရောက်စွာ ဖိအားပေးမှုများ ဆက်လက်လုပ်ဆောင်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို ကရင်အမျိုးသမီးအစည်းအရုံး (KWO) က ယနေ့ (စက်တင်ဘာ ၂၁ ရက်) တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့၌ တောင်းဆိုလိုက်သည်။

စစ်အုပ်စုသည် ငြိမ်းချမ်းရေးအတွက် အမှန်တကယ် ကတိပြုထားခြင်း မရှိဘဲ စစ်ရေးနည်းလမ်းကိုသာ ဆက်လက်အသုံးပြုကာ ပြည်သူများနေထိုင်ရာ နေရာများကို လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီး များဖြင့် ပစ်ခတ်ခြင်းနှင့် ပြည်သူများကို သတ်ဖြတ်နေခြင်းများ ပြုလုပ်နေကြောင်း KWO က ထောက်ပြထားသည်။ အဆိုပါ အကြမ်းဖက်မှုများကို ရပ်တန့်မှသာ အမှန်တကယ် ငြိမ်းချမ်းရေး ရရှိနိုင်မည်ဟုလည်း ဆိုသည်။

ထို့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်အုပ်စုထံ စစ်ပစ္စည်းနှင့် လေယာဉ်ဆီ ထောက်ပံ့ပေးနေမှုများကို ပိတ်ဆို့တားဆီးရန်၊ လေကြောင်းတိုက်ခိုက်မှုများ ပိတ်ပင်ရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ယူမှုရှိရေး အရေးယူဆောင်ရွက်ပေးရန် KWO က တောင်းဆိုထားသည်။

ထို့အပြင် တည်တံ့ခိုင်မြဲပြီး တန်းတူအခွင့်အရေးရှိသည့် ငြိမ်းချမ်းရေး ဖြစ်ထွန်းလာစေရန် စစ်အုပ်စုအား စစ်ရေးနည်းလမ်းမှ နောက်ဆုတ်ကာ နိုင်ငံရေးအရ ဖြေရှင်းရေး လမ်းကြောင်းသို့ သွားနိုင်အောင် နိုင်ငံတကာက ကူညီဖိအားပေးရန် လိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။

တစ်ဆက်တည်းမှာပင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် အခမ်းအနားကြီးများ မပြုလုပ်နိုင်သော်လည်း ဒေသခံ ကရင်လူထုအနေဖြင့် မိသားစုနှင့် လူမှုအသိုင်းအဝိုင်းအတွင်း အကြမ်းဖက်မှုကို ရှောင်ရှားကာ နေ့စဉ်ဘဝ၌ ငြိမ်းချမ်းရေး နည်းလမ်းများကို လက်တွေ့ကျင့်သုံးကြရန်လည်း တိုက်တွန်းထားသည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ကမ္ဘာတစ်ဝန်း အကြမ်းမဖက်ရေးနှင့် ပဋိပက္ခများ အပစ်အခတ်ရပ်စဲရေး ဦးတည်ချက်ဖြင့် ကုလသမဂ္ဂက ၁၉၈၁ ခုနှစ်တွင် စတင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် စစ်အုပ်စု၏ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ရာ KWO အနေဖြင့် အဆိုပါနေ့တွင် ငြိမ်းချမ်းရေးနှင့် တရားမျှတမှုအတွက် နိုင်ငံတကာက စစ်အုပ်စုပေါ် ထိရောက်စွာ ဖိအားပေးရန် အစဉ်တစိုက် တောင်းဆိုရပ်တည်နေခြင်းဖြစ်သည်။