Home တွေ့ဆုံမေးမြန်းခန်း (၆၃)ကြိမ်မြောက် ပြုလုပ်လျက်ရှိသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ(HRC) အစည်းအဝေးနှင့်ပတ်သက်၍ Burma Campaign UK မှ နမ့်ဇိုယာဖန်းနှင့် ဆက်သွယ်မေးမြန်းခြင်း။

(၆၃)ကြိမ်မြောက် ပြုလုပ်လျက်ရှိသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ(HRC) အစည်းအဝေးနှင့်ပတ်သက်၍ Burma Campaign UK မှ နမ့်ဇိုယာဖန်းနှင့် ဆက်သွယ်မေးမြန်းခြင်း။

19

“နိုင်ငံတကာဥပဒေစိုးမိုးမှုနဲ့ စစ်အာဏာရှင်ကို ထိထိရောက်ရောက် အရေးယူဖို့လမ်းစဉ်က မသေချာသေးဘူး။ အဲဒါကြောင့် ကျမတို့အတူတကွ နည်းလမ်းရှာရမှာဖြစ်တယ်”

(၆၃)ကြိမ်မြောက် ပြုလုပ်လျက်ရှိသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ(HRC) အစည်းအဝေးနှင့်ပတ်သက်၍ Burma Campaign UK မှ နမ့်ဇိုယာဖန်းနှင့် ဆက်သွယ်မေးမြန်းခြင်း။

စက်တင်ဘာ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာ(၇)ရက်နေ့မှစတင်ကာ (၆၃) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (HRC) အစည်းအဝေးများကို ကျင်းပလျက်ရှိသည်။ ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံလက်ရှိအခြေအနေအပေါ် လူ့အခွင့်အရေးတက်ကြွဆောင်ရွက်သူတစ်ဦးအနေဖြင့် တင်ပြခဲ့သည့်အကြောင်းအရာ၊ မြန်မာစစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ကုလသမဂ္ဂ၏သဘောထား ဆွေးနွေးမှုများ၊ နိုင်ငံတကာက စစ်အုပ်စုကို ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်မှု အခြေအနေများနှင့်ပတ်သက်၍ သိရှိနိုင်ရန် Burma Campaign UK မှ နမ့်ဇိုယာဖန်းကို KIC သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ (၆၃) ကြိမ်မြောက် HRC အစည်းအဝေး မှာ မြန်မာပြည်အခြေနေ၊ ကော်သူးလေအခြေအနေနဲ့ပတ်သက်ပြီး ဘာတွေတင်ပြခဲ့လဲ ပြန်ပြောင်းပြောပြပေးပါဦး။
ဖြေ။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကြီးမှာ ကျမတင်ပြခဲ့တဲ့အချက်များစွာထဲက ဖော်ပြချင်တာကတော့ ကော်သူးလေဒေသတွေကို ကျမသွားတဲ့အခါမှာ စစ်အုပ်စုက ကျမတို့လူမျိုးတွေအပေါ်ဖြစ်စေ မြန်မာပြည်တဝန်းလုံးမှာရှိတဲ့ပြည်သူတွေအပေါ်ဖြစ်စေ တိုက်ခိုက်တာတွေဟာ ပိုပိုပြီးများလာတယ်ဆိုတဲ့အကြောင်းပါ။ သူတို့ အခုလို လူ့အခွင့်အရေးချိုးဖောက် လုပ်ဆောင်တာတွေက တစ်ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးစည်းမျဉ်းဥပဒေတွေကို ချိုးဖောက်တာဖြစ်ပါတယ်။ ကုလသမဂ္ဂ တာဝန်ရှိသူတွေကလည်း သူတို့ရဲ့အမြင်နဲ့ မြန်မာနိုင်ငံရဲ့အခြေအနေနဲ့သက်ဆိုင်တဲ့ ရှာဖွေစုံစမ်းရတဲ့ အချက်တွေကို ဖော်ပြပါတယ်။ အထူးသဖြင့် စစ်အာဏာရှင်ကကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စတွေပေါ့။ ကျမအနေနဲ့ အဓိကဖော်ပြခဲ့တဲ့အချက်ကတော့ ဒီနှစ် ၃၀ ကျော် အတွင်းမှာ ကုလသမဂ္ဂ က မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ထုတ်ပြန်ချက်စာစောင်တွေကို နှစ်စဉ်နှစ်တိုင်းထုတ်ဝေတာရှိတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ မြန်မာစစ်အာဏာရှင်ကို ထိထိရောက်ရောက် အရေးယူခြင်းမရှိပါဘူး။ အဲဒါကြောင့် အခုချိန်မှာဆိုရင် စစ်အာဏာရှင်ကို ထိရောက်စွာအရေးယူဖို့ အရမ်းအရေးကြီးနေပါပြီ။

မေး။ အဲဒီအထဲမှာ ထောက်ပြတောင်းဆိုချက် ဘာတွေပါဝင်ခဲ့သလဲ၊ ဒီအပေါ်မှာရော ဘယ်လိုတုံ့ပြန်မှုရဖို့ မျှော်လင့်ပါသလဲ။
ဖြေ။ ကုလသမဂ္ဂ တာဝန်ရှိသူတချို့ကတော့ ကျမရဲ့ဖော်ပြချက်အပေါ်မှာ ကောင်းတဲ့အရာ၊ powerful ဖြစ်တဲ့အရာတခုလို့မြင်ကြပါတယ်။ ကျမ တစ်ယောက်အမြင်နဲ့ကတော့ အဲဒီလို တစ်ကမ္ဘာလုံးဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေးကြီး ဆိုတာ ကုလသမဂ္ဂကနေ နိုင်ငံတကာအစိုးရတွေနဲ့ နိုင်ငံတခုစီတိုင်းကို တွန်းအားနဲ့ဖိအားပေးဖို့ အခွင့်အရေးတစ်ရပ်ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီနိုင်ငံတွေအပေါ် တွန်းအားနဲ့ဖိအားပေးခြင်းလမ်းကြောင်းများစွာရှိမှသာ အဲဒီနိုင်ငံခေါင်းဆောင်တွေက သူတို့လုပ်သင့်တဲ့တာဝန်တွေကို တာဝန်ယူလုပ်ဆောင်ဖို့ နိုင်ငံရေးစိတ်ပါဝင်စားမှုနဲ့ စိတ်အားထက်သန်မှု ရှိလာမှာဖြစ်တယ်။

မေး။ လက်ရှိ HRC အစည်းအဝေးမှာ ပြောပြီးသလောက်အထိ UN Human Rights နဲ့ IIMM ဘက်က မြန်မာနဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားရှိတယ်လို့ မြင်လဲ။
ဖြေ။ ကုလသမဂ္ဂရဲ့ဖော်ပြချက်နဲ့ အထူးသဖြင့် UN High Commissioner for Human Rights(ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး)နဲ့ IIMM (မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား) ရဲ့ဖော်ပြချက်တွေမှာတော့ “မြန်မာနိုင်ငံကအခြေအနေဟာ ဆိုးရွားသထက်ဆိုးရွားလာပါတယ်။ အထူးသဖြင့် စစ်အာဏာရှင်က ပြည်သူတွေအပေါ်လူ့အခွင့်အရေးချိုးဖောက်တာတွေက ပိုပြီးဆိုးရွားလာပါတယ်။” လို့ ဖော်ပြထားတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းတွေဘက်က ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး ကောင်းမွန်စွာရှာဖွေစုံစမ်းထားပြီး ကောင်းမွန်စွာမှတ်တမ်းတင်ထားတာရှိပါတယ်။ ကုလသမဂ္ဂ ချမှတ်တဲ့ဆုံးဖြတ်ချက်တွေလည်း ရှိပါတယ်။ သို့သော် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတခုချင်းစီသည် အဲဒီဆုံးဖြတ်ချက်တွေကို တိကျစွာလိုက်နာဆောင်ရွက်တာတော့ မရှိပါဘူး။

မေး။ စက်တင်ဘာကနေ အောက်တိုဘာအထိ လုပ်မယ့် အစည်းအဝေးရဲ့အစောပိုင်းရက်တွေကတည်းက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဆွေးနွေးကြ၊ အာရုံပိုစိုက်ကြတာကို တွေ့ရတယ်။ ဒီ ဆွေးနွေးချက်တွေက မြေပြင်အခြေအနေကို တကယ်ပဲလက်တွေ့မှာ ပြောင်းလဲစေမလား ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ကုလသမဂ္ဂ ဟာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အစည်းအဝေးတွေကို နှစ်စဉ်လုပ်ဆောင်နေပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံဖြစ်စေ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဖြစ်စေ၊ သူတို့ဆုံးဖြတ်ချက်ထားတာရှိပါတယ်။ ဒါပေမဲ့ အဲဒီဆုံးဖြတ်ချက်တွေက မြန်မာနိုင်ငံအခြေအနေကို ချက်ချင်းပြောင်းလဲစေနိုင်ဖို့ရာ မလွယ်ကူသေးဘူးလို့ ကျမတို့ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်ခုစီတိုင်းသည် ကုလသမဂ္ဂ က ချမှတ်ထားတဲ့ဆုံးဖြတ်ချက်တွေကို တာဝန်ယူလိုက်နာဆောင်ရွက်တာ မရှိကြပါဘူး။ ဥပမာ မြန်မာစစ်အာဏာရှင်ဆီ စစ်လက်နက်ပစ္စည်းတွေ မရောင်းရလို့ ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ်ချက်ချပေမယ့်လည်း ရုရှား၊ တရုတ်နဲ့ အခြားနိုင်ငံတွေကတော့ လက်နက်ရောင်းချနေဆဲဖြစ်တယ်။ စစ်အုပ်စုကို တိုက်လေယာဥ်တွေရောင်းပေးတဲ့ တရုတ်ကုမ္ပဏီတခုအပေါ် ဘယ်နိုင်ငံကမှ ပိတ်ဆို့တာမလုပ်သေးဘူး။ အဲဒါကြောင့်မို့ မြန်မာစစ်အာဏာရှင်က ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်တွေကိုချိုးဖောက်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ စည်းမျည်းဥပဒေတွေကိုလည်း မလိုက်နာ မဆောင်ရွက်ဘူး။ အဲဒါက မြန်မာစစ်အုပ်စုကို ထိထိရောက်ရောက် အရေးမယူလို့ဖြစ်တယ်။

မေး။ မြန်မာပြည်သူအပေါ်ကျူးလွန်တဲ့ စစ်အုပ်စုရဲ့စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ကနေ တာဝန်ယူတာဝန်ခံမှုရှိစေဖို့ အဓိကအဖြေက ဘာဖြစ်မယ်ထင်လဲ။
ဖြေ။ မြန်မာစစ်အုပ်စုကို ထိထိရောက်ရောက်အရေးယူဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ အဲဒီအချက်အလက်တွေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးဆီ တင်ပြဖို့လိုပါတယ်။ ဒါပေမဲ့ ရုရှားနဲ့တရုတ်တို့က ပိတ်ပင်ကန့်ကွက်ထားတဲ့အတွက် အဲဒီလိုလုပ်ဖို့ဆိုတာ အဟန့်အတားဖြစ်နေပါတယ်။ အခြားလမ်းတစ်ခုကတော့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးဟာဆိုရင် စစ်အုပ်စုကို ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ အရေးယူထားတာရှိပါတယ်။ ပြီးတော့ အာဂျင်တီးနားကလည်း သူတို့နိုင်ငံရဲ့ ဥပဒေလမ်းစဉ်အတိုင်း universal jurisdiction အားဖြင့် ရိုဟင်ဂျာတွေပေါ်မတရားလုပ်မှုနဲ့ စစ်အုပ်စုကို အရေးယူထားတာရှိပါတယ်။ ကျမတို့သိရတာကတော့ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုမှာပါဝင်တဲ့ တာဝန်ရှိသူတွေ ဥပမာ မင်းအောင်လှိုင်နဲ့ အခြားသောစစ်ခေါင်းဆောင်တွေကို ဖမ်းဆီးဖို့ အာဂျင်တီးနားတရားရုံးက ဝရမ်းထုတ်ထားပါတယ်။ သို့သော်လည်း အခုထိ အင်တာပို နိုင်ငံတကာရဲတပ်ဖွဲ့ရဲ့လှုပ်ရှားမှု တစ်ခုမှ ကျမတို့မမြင်မတွေ့ရသေးပါဘူး။ အဲဒါကြောင့် နိုင်ငံတကာဥပဒေစိုးမိုးမှုနဲ့ စစ်အာဏာရှင်ကို ထိထိရောက်ရောက် အရေးယူဖို့လမ်းစဉ်က မသေချာသေးပါဘူး။ အဲဒါကြောင့် အဲဒီလမ်းစဉ်ရှိလာဖို့ကတော့ ကျမတို့အတူတကွ နည်းလမ်းရှာရမှာဖြစ်ပါတယ်။