Home သတင်း ကရင်နီတွင် ဩဂုတ်လအတွင်း ကလေးနှင့်အမျိုးသမီးအပါအဝင် အရပ်သား (၉) ဦး သေဆုံး၊ (၄၃) ဦး ဒဏ်ရာရ

ကရင်နီတွင် ဩဂုတ်လအတွင်း ကလေးနှင့်အမျိုးသမီးအပါအဝင် အရပ်သား (၉) ဦး သေဆုံး၊ (၄၃) ဦး ဒဏ်ရာရ

9
Photo crd- Jobs for Kayah (ပုံဟောင်း)

စက်တင်ဘာ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်နီ(ကယား)ပြည်နယ်အတွင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုနှင့် သတ်ဖြတ်ခံရမှုကြောင့် ဩဂုတ်တစ်လအတွင်း ကလေးငယ်နှင့် အမျိုးသမီးအပါအဝင် အရပ်သား (၉) ဦး သေဆုံးခဲ့ပြီး (၄၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က စက်တင်ဘာ(၇)ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်အုပ်စုသည် ဖရူဆိုနှင့် လွိုင်ကော်မြို့နယ်များအတွင်း ဒရုန်းတိုက်ခိုက်မှု (၁၆) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကလေးငယ်(၁)ဦး၊ အမျိုးသမီး(၂)ဦးနှင့် အမျိုးသား(၅)ဦး စုစုပေါင်းဒေသခံ(၈)ဦးသေဆုံးခဲ့သည်။ နောက်ထပ်အမျိုးသား(၁)ဦးမှာလည်း စစ်အုပ်စု၏တိုက်ရိုက်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သည်ဟု KnHRG က မှတ်တမ်းတင်ထားသည်။

ထို့အပြင် မတရားဖမ်းဆီးခံရသူ (၂၃) ဦး၊ လေကြောင်းတိုက်ခိုက်ခံရမှုနှင့် လက်နက်ငယ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ကလေးငယ်နှင့်အမျိုးသမီးများအပါအဝင် (၂၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ စုစုပေါင်း(၄၃)ဦးရှိခဲ့သည်ဟု ဆိုသည်။

စစ်အုပ်စုက အရပ်သားပြည်သူအပေါ် အဓိကအားဖြင့် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားကိုချဲ့ထွင်လိုခြင်းကြောင့် ဖြစ်ကြောင်း ကရင်နီအမျိုးသမီးအဖွဲ့က ယခုလို မှတ်ချက်ပေးသည်။

“သူတို့(စစ်အုပ်စု) အုပ်ချုပ်မှုယန္တရားကို ချဲ့ထွင်လာတာကြောင့်ရယ် သူတို့အုပ်ချုပ်နိုင်တဲ့နေရာဖြစ်တဲ့ လွိုင်ကော်မြို့ပေါ်ကို ဒေသခံတွေပြန်လာနေစေချင်တဲ့အတွက်ကြောင့်လည်း ဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့နေရာတွေမှာ လေယာဉ်နဲ့ ဒရုန်းတွေကိုအသုံးပြုပြီး တိုက်ခိုက်မှုတွေပြုလုပ်နေတာပါ” ဟု အဖွဲ့တာဝန်ရှိသူတစ်ဦးက ကေအိုင်စီကို ပြောသည်။

ယင်းအပြင် KnHRG ၏ စာရင်းအရ အဆိုပါတိုက်ခိုက်မှုများကြောင့် ဩဂုတ်လအတွင်း ကရင်နီပြည်နယ်ရှိ လူနေအိမ်၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ စိုက်ပျိုးမြေနှင့် မော်တော်ယာဉ်များ အပါအဝင် အရပ်သားပိုင် ပိုင်ဆိုင်မှု (၁၀၃) ခုထက်မနည်း ပျက်စီးခဲ့ခြင်းရှိသည်။ ထိုအထဲမှ (၈၁) ခုမှာ ဒရုန်းတိုက်ခိုက်မှုကြောင့်ဖြစ်ကြောင်း စာရင်းကဖော်ပြသည်။

စစ်အုပ်စု၏ စနစ်တကျ ထောက်လှမ်းဗုံးကြဲမှုများကြောင့် ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင် ၂ သိန်းကျော်မှာ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ရန် ခက်ခဲနေသဖြင့် နိုင်ငံတကာအနေဖြင့် စစ်အုပ်စုထံ လေယာဉ်ဆီ တင်ပို့မှု ပိတ်ဆို့ရန်နှင့် နယ်စပ်ဖြတ်ကျော် အရေးပေါ်အကူအညီများ ပေးအပ်ရန်လည်း KnHRG က အစဥ်တစိုက် တောင်းဆိုလာခြင်းရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း စစ်အုပ်စု၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ(၂)ဦးသေဆုံးပြီး (၁၁) ဦး ထိခိုက်ဒဏ်ရာရ၍ ဒေသခံပိုင် နေအိမ်၊ စိုက်ခင်းနှင့် မော်တော်ယာဉ်များ စသည်ဖြင့် ပျက်စီးမှုရှိခဲ့ကြောင်း KnHRG က မှတ်တမ်းတင်ခဲ့သေးသည်။