Home သတင်း ဖလူး-မင်းလက်ပံ စစ်အုပ်စု သုံးရက်ဆက်တိုက် လက်နက်ကြီးပစ်ခတ်ကာ တိုက်စစ်ဆင်လာ

ဖလူး-မင်းလက်ပံ စစ်အုပ်စု သုံးရက်ဆက်တိုက် လက်နက်ကြီးပစ်ခတ်ကာ တိုက်စစ်ဆင်လာ

5
Photo crd- CJ (ပုံဟောင်း)

ဩဂုတ် (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်မြို့၊ မြဝတီတောင်ဘက်ရှိ ဖလူး-မင်းလက်ပံ-ဝေါလေ လမ်းပိုင်းသို့ ဩဂုတ်လ (၂၂)ရက်ကစပြီး ယနေ့အချိန်ထိ စစ်အုပ်စုက လက်နက်ကြီးအများအပြားပစ်ခတ်၍ တိုက်စစ်ဆင်နေကြောင်း မြဝတီနယ်စပ်အခြေစိုက် ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် မဟာမိတ်တပ်များ ထိန်းချုပ်လှုပ်ရှားသည့်မြေပြင်တဝိုက် ရှေ့တိုးတိုက်ခိုက်၍မရနိုင်သောကြောင့် စစ်အုပ်စုက ၎င်းတို့တပ်စွဲထားသည့်နေရာများမှ ထပ်မံ၍ လက်နက်ကြီးပစ်ခတ်မှုများ ရက်ဆက်ပြုလုပ်လာခြင်းဖြစ်သည်ဟု မဟာမိတ်တပ်၏ လက်နက်ကိုင်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

“စစ်တပ်က မြေပြင်သိပ်မတိုးလာရဲဘူး။ လက်ခတ်တောင်၊ KK Park နဲ့ လေးကေကော်စွယ် တော်ကုန်းဘက်ကနေ လက်နက်ကြီးနဲ့ ဘလယ်ဒို၊ သဲဖြူချောင်း၊ သုံးထပ်ကွေ့အပေါ် တောင်ပေါ်ကိုလှည့်ပစ်နေတယ်။ တစ်ချက်တစ်ချက် ခလရ (ခြေလျင်တပ်ရင်း) ၂၇၅ ကလည်း မစ်ဇိုင်းဒုံးနဲ့ ပစ်တယ်” ဟု အဆိုပါတပ်ဖွဲ့ဝင်က ပြောသည်။

စစ်အုပ်စုဘက်က လက်နက်ကြီးဆက်တိုက်ပစ်ခတ်မှုဖြင့် ဗျူဟာပြောင်း တိုက်စစ်ဆင်နေသော်လည်း KNLA မဟာမိတ်တပ်ဖွဲ့များမှာ မြေပြင်မှတက်လာနိုင်သည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များကို ဖြတ်တောက်တိုက်ခိုက်နိုင်ရေး နေ့ညမပြတ် စစ်ရေးလှုပ်ရှားမှုများ စီစဉ်ဆောင်ရွက်နေကြောင်းလည်း ၎င်းတာဝန်ရှိသူများက ပြောသည်။

Photo crd- CJ (ပုံဟောင်း)

ထို့အပြင် လတ်တလောတွင် ဖားအံမြို့မှ စစ်အုပ်စုသည် မြဝတီ ခလရ-၂၇၅ သို့ စစ်ကူအင်အားနှင့် လက်နက်ခဲယမ်းများ အပတ်စဥ်ပို့ဆောင်မှုရှိနေသည်ဟု ကရင်ပြည်နယ်စစ်အုပ်စုအခြေအနေ စောင့်ကြည့်အကဲခတ်သည့် သတင်းအရင်းအမြစ်မှ သိရသည်။

ယင်းကြောင့် တပ်ကူအင်အားလိုအပ်ချက်အရ မြဝတီမြို့ ပေါ်ရပ်ကွက်များတွင် လူငယ်လူလတ်ပိုင်းများကို ပြည်နယ်စစ်အုပ်စုက ဌာနဆိုင်ရာနှင့်ပူးပေါင်း၍ ပေါ်တာဖမ်းဆီးမှုရှိသလို ဖားအံတပ်မ ၂၂ သို့ ပို့ဆောင်စစ်သင်တန်းပေးနေကြောင်းလည်း မြဝတီမြို့တွင်းရှိစစ်အုပ်စုနှင့်နီးစပ်သူအချို့က ပြောသည်။

၎င်းတို့နယ်စပ်စစ်စခန်းများ လက်မလွှတ်ရရေး၊ ဆုံးရှုံးပြီးသားစခန်းများ ပြန်လည်ရယူရေးနှင့် နယ်မြေထိန်းချုပ်ရေးအတွက် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကတည်းက စစ်အုပ်စုသည် မြဝတီတောင်ပိုင်းတွင် အင်အားသုံး ထိုးစစ်ဆင်နေပြီး KNLA မဟာမိတ်တပ်များနှင့် အပြန်အလှန် တိုက်ပွဲပြင်းထန်နေခြင်းရှိသည်။