Home သတင်း တရုတ်အမျိုးသမီးကို ကြိုးတုပ်၍ ဘန်ကောက်မှ မဲဆောက်သို့ ခေါ်ဆောင်လာသူ ထိုင်းနိုင်ငံသား(၂)ဦး ဖမ်းဆီးခံရ

တရုတ်အမျိုးသမီးကို ကြိုးတုပ်၍ ဘန်ကောက်မှ မဲဆောက်သို့ ခေါ်ဆောင်လာသူ ထိုင်းနိုင်ငံသား(၂)ဦး ဖမ်းဆီးခံရ

4
Photo & Reference : Khaosod News

ဩဂုတ် (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သို့လာရောက်လည်ပတ်သူ တရုတ်အမျိုးသမီးတစ်ဦးကို ကြိုးဖြင့်တုပ်နှောင်၍ မော်တော်ယာဥ်ဖြင့် ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်ဘက်သို့ ဦးတည်ခေါ်ဆောင်လာသူ ထိုင်းနိုင်ငံသား အမျိုးသား(၂) ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၂၃) ရက်၊ ည ၉ နာရီဝန်းကျင်က ဘန်ကောက်မြို့ရှိဟိုတယ်တစ်ခုတွင် တည်းခိုနေသည့် တရုတ်အမျိုးသမီးမှာ ခရီးသွားဧည့်လမ်းညွှန်ဟု ယူဆရသူ ထိုင်းအမျိုးသား(၁)ဦး မောင်းနှင်သည့် မော်တော်ယာဥ်ဖြင့် ထွက်ခွာလာခြင်းဖြစ်သည်။

လမ်းခုလတ်တစ်နေရာတွင် အဆိုပါယာဥ်မောင်းက နောက်ထပ်အမျိုးသား(၃)ဦးကို ယာဥ်ပေါ်တင်ခေါ်လာရာ တရုတ်အမျိုးသမီးက လိမ်လည်ခံရမှန်းသတိထားမိခဲ့ပြီး ထွက်ပြေးရန်ကြိုးပမ်းခဲ့သော်လည်း ရိုက်နှက်တုပ်နှောင်ခံခဲ့ရသည်ဟု ကျူးလွန်ခံရသူ၏ထွက်ဆိုချက်အရ သတင်းများက ဖော်ပြသည်။

တာ့ခ်ခရိုင်၊ မဲဆောက်ဘက်သို့ ဦးတည်မောင်းနှင်လာသည့်မော်တော်ယာဥ်မှာ ကမ်ဖန်ဖေ့ချ် ရဲစစ်ဆေးရေးဂိတ်ကို ကျော်လွန်လာချိန်တွင် အဆိုပါတရုတ်အမျိုးသမီးက ကားတံခါးဖွင့်ခုန်ဆင်းကာ နီးစပ်ရာထံ အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့သည် မောင်းပြေးသွားသည့်ယာဥ်အား လိုက်လံဖမ်းဆီးခဲ့ပြီး ကမ်ဖန်ဖေ့ချ်ခရိုင် လန်ဒေါ့မိုင်ခရိုင်ခွဲရှိ နောက်ထပ်ရဲစစ်ဆေးရေးဂိတ်အနီးတွင် ကားဘီးပေါက်၍ စွန့်ပစ်ထားသည်ကို တွေ့ရှိခဲ့ရသည်။ ထို့နောက် သံသဃရှိသူ(၄)ဦးအနက် မဲဆောက်မြို့ခံ၊ ထိုင်းလူမျိုး ဆုမ်ကရတ်နှင့် ကစ်တီဖွန် ဆိုသူ အမျိုးသား(၂)ဦးကို ဖမ်းဆီးမိခဲ့သည်ဟု ဆိုသည်။

လွတ်မြောက်နေသူ(၂)ဦးကိုလည်း ထိုင်းရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ထားပြီး အမှုနောက်ခံအကြောင်းအရင်းနှင့် ပိုမိုကျယ်ပြန့်သည့် မှုခင်းဂိုဏ်းနှင့် ဆက်နွယ်မှုရှိ၊ မရှိ ဆက်လက်စုံစမ်းနေသည်။ ထို့အပြင် သံသယရှိသူများအား ဆက်လက်ဖော်ထုတ်ရှာဖွေသွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ပြောပြချက်အရ သတင်းများတွင် ဖော်ပြသည်။

လက်ရှိတွင် ကျူးလွန်ခံရသူတရုတ်အမျိုးသမီးအား ဒဏ်ရာကုသရန် ဆေးရုံသို့ပို့ဆောင်ထားပြီး ၎င်း၏ခရီးသွားမှတ်တမ်းအရ စင်ကာပူနိုင်ငံသို့ ခရီးသွားစဉ် ထိုင်းနိုင်ငံသို့ ခေတ္တဝင်ရောက်လည်ပတ်ခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဖမ်းဆီးထားသည့် ယာဥ်မောင်း ကစ်တီဖွန် ၏ထွက်ဆိုချက်တွင် ဆုမ်ကရတ်က ၎င်းအား တရုတ်အမျိုးသမီးကိုသွားခေါ်ဖို့ ဘတ်ငွေ ၁၀,၀၀၀ ပေး ခိုင်းစေခဲ့သည်ဟုလည်း ထွက်ဆိုထားခြင်းရှိသည်။