Home သတင်း ကော့ကရိတ်တွင် ရိုးရာချည်ပွဲအတွက် ပစ္စည်းသွားဝယ်သည့် ကျောင်းဆရာမတစ်ဦး လှေမှောက်၍ ရေနစ်သေဆုံး

ကော့ကရိတ်တွင် ရိုးရာချည်ပွဲအတွက် ပစ္စည်းသွားဝယ်သည့် ကျောင်းဆရာမတစ်ဦး လှေမှောက်၍ ရေနစ်သေဆုံး

5
Photo: CJ

ဩဂုတ် ၂၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အလက(ခွဲ) ခရစ်နွားခြံကုန်း ကျေးရွာတွင် တာဝန်ထမ်း ဆောင်နေ သည့် ကျောင်းဆရာမတစ်ဦးသည် ဝါခေါင်လ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ လက်ချည်ပွဲအတွက် ဩဂုတ်လ ၂၄ ရက်နေ့က လိုအပ်သည့်ပစ္စည်းများ သွားရောက်ဝယ်ယူစဉ် မတော်တဆ လှေမှောက်ကာ ရေနစ်သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ကျောင်းဆရာမသည် ခရစ်နွားခြံကုန်းကျေးရွာမှတစ်ဆင့် ကော့ခိုက်ကျေးရွာသို့ ပစ္စည်းသွား ရောက်ဝယ်ယူပြီးအပြန် ဆိုင်ကယ်နှင့် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် စက်လှေဖောင် တိမ်း မှောက် သွားခြင်းဖြစ်သည်။ လှေပေါ်ပါလာသူ အခြားသူများကို ကယ်တင်နိုင်ခဲ့သော်လည်း ထိုဆရာမ တစ်ဦးတည်းသာ ရေနစ်သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “သူတို့ (၄) ယောက် သွားကြတယ်။ လက်ချည်ပွဲအတွက် ကလေးအင်္ကျီတွေ သွားဝယ်တာပါ။ ဖောင်နဲ့ လုပ်ထားတဲ့ စက်လှေမြှုပ်တော့ ဘယ်သူမှလည်း ရေမကူးတတ်ကြဘူး။ သူကတော့ ချက်ချင်း ပြန်ရှာလို့ မတွေ့လိုက်ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

လှေမှောက်ပြီး ရေနစ်ပျောက်ဆုံးသွားသည့် ကျောင်းဆရာမ နော့ဦး၏ ရုပ်အလောင်းကို (၃) နာရီခန့်အကြာတွင် ဒေသခံများက ပြန်လည်ဆယ်ယူ ရရှိခဲ့သည်ဟု သိရသည်။

ထိုဒေသတွင် ဟောင်သရောချောင်းရေ လျှံတက်မှုကြောင့် အနီးဝန်းကျင် ကျေးရွာများ၌ နှစ်စဉ် ရေကြီးရေလျှံလေ့ရှိသဖြင့် မိုးရာသီကာလအတွင်း ဒေသခံများမှာ စက်လှေကိုသာ အဓိက အားထားသွားလာနေကြရသည်။

ယခု ဩဂုတ်လဆန်းပိုင်းမှစ၍ ကရင်ပြည်နယ်အတွင်းရှိ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ဂျိုင်းမြစ်၊ ဇမိမြစ်၊ ဟောင်သရောမြစ်နှင့် လှိုင်းဘွဲချောင်းအပါအဝင် မြစ်ချောင်းအများအပြားတွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး လမ်းကြောင်းအများအပြားလည်း ရေကျော်လွန်ကာ သွားလာရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။