Home သတင်း မယ်လဒုက္ခသည်စခန်းမှ ကျောင်းသား ၁၃ ဦး ကျောင်းဆက်တက်ခွင့်ရရန် မိဘများ ထိုင်းပညာရေးဌာနထံ အသနားခံစာတင်

မယ်လဒုက္ခသည်စခန်းမှ ကျောင်းသား ၁၃ ဦး ကျောင်းဆက်တက်ခွင့်ရရန် မိဘများ ထိုင်းပညာရေးဌာနထံ အသနားခံစာတင်

14

သြဂုတ် ၁၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းမှ ကလေး ၁၃ ဦးသည် စခန်းပြင်ပရှိ ထိုင်းအစိုးရကျောင်းများ၌ ကျောင်းဆက်တက်ခွင့် မရတော့သဖြင့် မိဘများက ထိုင်းပညာရေးဌာန (MOE) ထံ အသနားခံစာ တင်ပြထားကြောင်း သိရသည်။

အဆိုပါ ကလေးများသည် ဒုက္ခသည်စခန်းအတွင်း မွေးဖွားသူများဖြစ်ပြီး ထိုင်းပြည်ထဲရေးဝန်ကြီးဌာန (MOI) က ထုတ်ပေးထားသည့် ဂဏန်း ၁၃ လုံးပါ ဒုက္ခသည်အထောက်အထား ကတ်ကိုင်ဆောင် ထားသူ များဖြစ်၍ စခန်းပြင်ပ၌ ပညာသင်ကြားခွင့်မရှိသည့် စည်းမျဉ်းနှင့် ငြိစွန်းနေသဖြင့် ယခု သြဂုတ် လဆန်း မှစကာ ကျောင်းရပ်နားရန် MOEက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းသတင်းဌာနတစ်ခုဖြစ်သည့် The Reporters တွင် ဖော်ပြထားသည်။

“ မိဘတွေ လာပြောလို့ သိရတာပါ။ အသေးစိတ်တော့မသိဘူး။ အထူးသဖြင့် အလယ်တန်းအဆင့် (M-1) တက်မယ့်ကလေးတွေလို့ သိရတယ်။ ၁၀ နှစ်ပြည့်လို့ ၁၀ နှစ်ခံကတ်ရိုက်မယ့်အခါမှာ စခန်းက MOI ရဲ့ ၁၃ လုံး နံပါတ်ရှိတဲ့သူတွေဖြစ်တော့ ငြိသွားတာလို့ သိရတယ်”ဟု မယ်လဒုက္ခသည်စခန်း ဥက္ကဋ္ဌ စောဆန်းဒေးက ကေအိုင်စီသို့ ပြောသည်။

The Reporters သတင်းဌာန၏ ဖော်ပြချက်အရ မယ်လစခန်းမှ ထိုင်းအစိုးရကျောင်းတက်နေသူ စုစုပေါင်း ၄၆ ဦးရှိပြီး ကျန်ရှိသည့် ၃၃ ဦးကိုလည်း ပညာရေးမှူးရုံးက အထောက်အထားများ ဆက် လက်စိစစ်နေသဖြင့် ကျောင်းရပ်နားခံရမည့် အခြေအနေရှိနေကြောင်း သိရသည်။

ထိုင်းအစိုးရ၏ “လူတိုင်းအတွက် ပညာရေး” မူဝါဒသည် ရွှေ့ပြောင်းအလုပ်သမား ကလေးများ အတွက်သာ အကျုံးဝင်ပြီး နိုင်ငံထဲရှိ ယာယီဒုက္ခသည်စခန်းမှ ကလေးများအတွက် ကျောင်းတက်ခွင့် မူဝါဒ သီးသန့်မရှိသေးကြောင်း ကရင်ဒုက္ခသည်ကော်မတီဆိုင်ရာ ပညာရေးအဖွဲ့ (KRCEE) အတွင်းရေးမှူး စောထူးကပေါ်က ပြောသည်။

၎င်းက “ ထိုင်းနိုင်ငံထဲမှာ ရွှေ့ပြောင်းအလုပ်လုပ်သူတွေရဲ့ ကလေးတွေက ထိုင်းပညာရေးဌာန အုပ်ချုပ်မှုအောက်မှာ သွားရတော့ မူဝါဒထဲ အကျုံးဝင်ပါတယ်။ စခန်းထဲက ကလေးတွေကျတော့ ထိုင်းပညာရေးအောက်မှာ မရှိသေးတော့ ခွင့်မပြုထားသေးဘူးပေါ့” ဟု ပြောသည်။

ထို့ကြောင့် စခန်းပြင်ပတွင် တရားဝင် ထွက်ရောက်အလုပ်လုပ်ကိုင်ခွင့်ရသည့် မိဘများအနေဖြင့် မိမိတို့ ကလေးများကိုပါ တစ်ပါတည်းခေါ်ဆောင်ပြီး ထိုင်းအစိုးရကျောင်းများ၌ တရားဝင် တက်ရောက် ခွင့်ရရှိရေးအတွက် KRCEE နှင့် နယ်စပ်အရပ်ဘက် အဖွဲ့အစည်းများက တောင်းဆိုထားသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် နှစ်စဉ် ကျောင်းသား ၅၀၀ ကျော် ပညာသင်ကြား ပြီးစီးနေသော်လည်း ထိုအောင်မြင်သွားသည့် ကျောင်းသူကျောင်းသားများသည် ထိုင်းအစိုးရ တက္ကသိုလ်များနှင့် အဆင့်မြင့်ပညာရေးများ ဆက်လက်သင်ယူခွင့်မရရှိကြောင်း သိရှိရသည်။