Home သတင်း DKBA ကျွန်းတောစခန်းသို့ စစ်အုပ်စုလက်နက်ကြီးကျ၍ တပ်ဖွဲ့ဝင် (၂) ဦး သေဆုံး၊ (၂၀) ဦး ဒဏ်ရာရ

DKBA ကျွန်းတောစခန်းသို့ စစ်အုပ်စုလက်နက်ကြီးကျ၍ တပ်ဖွဲ့ဝင် (၂) ဦး သေဆုံး၊ (၂၀) ဦး ဒဏ်ရာရ

15
Photo: CJ

ဩဂုတ် (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ၏ အမှတ် (၉၁၅) ကျွန်းတောစခန်းကို ယမန်နေ့ ဩဂုတ်(၁၇)ရက် ညနေပိုင်းက စစ်အုပ်စု လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် တပ်ဖွဲ့ဝင်(၂)ဦး သေဆုံးပြီး တပ်မိသားစုဝင် (၂၀)ဦးခန့် ထိခိုက်မှုရှိကြောင်း DKBA နှင့်နီးစပ်ရာ သတင်းအရင်းအမြစ်မှ သိရသည်။

ယမန်နေ့ ညနေ(၆)နာရီဝန်းကျင်တွင် လက်နက်ကြီး(၃)လုံး ကျရောက်ခဲ့ခြင်းဖြစ်ပြီး ကျွန်းတောစခန်းဝင်းအတွင်းရှိ တပ်ဖွဲ့ဝင်များနားနေဆောင်ဘက်သို့ (၂)လုံး၊ တပ်ရင်းနေရာသို့(၁)လုံး ထိမှန်ပေါက်ကွဲခဲ့သည်ဟု DKBA ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် အမည်မဖော်လိုသူ တပ်ဖွဲ့ဝင်က ပြောသည်။

“ညနေပိုင်းတပ်ဝင်းထဲမှာ ထမင်းစားပြီးချိန် ရဲဘော်ဆောင်ဘက်ကိုနှစ်လုံးကျတာ။ တစ်လုံးက တပ်ရင်း အပြင်ဘက်နေရာကိုကျတယ်၊ အဲဒီမှာရဲဘော်တွေထိတာ။ တပ်မိသားစုထဲမှာဆို အယောက်(၂၀) ဝန်းကျင်လောက် ဒဏ်ရာရတယ်၊ အမျိုးသမီးတွေ‌ရော ကလေးတွေရောပါတယ်” ဟု ၎င်းတပ်ဖွဲ့ဝင်က ပြောသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိထားသူများကို DKBA ထိန်းချုပ်နယ်မြေရှိ ကျောက်ခက်ဆေးရုံသို့ ပို့ဆောင်ကုသပေးနေကြောင်း သိရသည်။

ထို့အပြင် လက်နက်ကြီးပစ်ခတ်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားနေသည့် ဖလူး-မင်းလက်ပံ ဘက်ရှိ စစ်အုပ်စုက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုလည်း DKBA နှင့် နီးစပ်သည့်သတင်းအရင်းအမြစ်က ဆိုသည်။

Photo: CJ

အဆိုပါလက်နက်ကြီးကြောင့် တပ်ဖွဲ့ဝင်နှင့်တပ်မိသားစုများ ထိခိုက်သေဆုံးမှုအပေါ် နယ်မြေတာဝန်ရှိ DKBA ဗိုလ်ချုပ် စောဆန်းအောင် အပါအဝင် DKBA ပြောခွင့်ရပုဂ္ဂိုလ်များအား ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် ဖုန်းဆက်မေးမြန်းထားသော်လည်း လက်ရှိသတင်းရေးသားနေချိန်အထိ အဆက်အသွယ်မရရှိသေးပါ။

လတ်တလောတွင်မူ ကျွန်းတောတပ်စခန်းအနီး၊ ပလောတပို့စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်များမှာ လက်နက်ကြီးရန်ကြောင့် ဘေးလွတ်ရာသို့အရေးပေါ် ရှောင်တိမ်းနေထိုင်နေရကြောင်း ထိုစခန်းထဲရှိနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ပလောတပို့စခန်းနေ အမျိုးသမီးတစ်ဦးက “ကျမတို့နေရာနဲ့က ဟိုဘက်ဒီဘက်ပဲဆိုတော့ အရမ်းနီးတယ်လေ။ ပြီးတော့ စစ်တပ်ကရှေ့တိုးလာမှာလား၊ လက်နက်ကြီးရော ဆက်ကျလာမလား ဆိုတာ မသိရဘူး။ အဲ့ဒီမှာလည်း DKBA ကလူတွေ ထိတယ် သေတယ်လို့ကြားတယ်” ဟု ကေအိုင်စီကို ပြောသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲပြီးနောက် လက်ရှိတွင် အဆိုပါ DKBA ကျွန်းတောတပ်စခန်း နေရာအနီးတစ်ဝိုက်၌ တပ်ဖွဲ့ဝင်လုံခြုံရေးတိုးမြှင့်ချထားကြောင်းလည်း ကရင်စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။

ထိုင်းနယ်စပ်အနီးတွင်ဖြစ်ပွားနေသည့် မြဝတီတောင်ပိုင်း၊ ဖလူး-ဝေါလေ တိုက်ပွဲအတွင်း စစ်ကြောင်းတိုးလာသော စစ်အုပ်စုတပ်ဖွဲ့များအား KNLA နှင့် ပူးပေါင်းတပ်က ဖြတ်တောက်ပိတ်ဆို့လျက်ရှိရာ ပြီးခဲ့သည့်ဩဂုတ်လ(၁၀)ရက်နေ့မှစ၍ နှစ်ဖက်တိုက်ပွဲအရှိန် ဆက်လက်ပြင်းထန်နေခြင်းဖြစ်သည်။