Home သတင်း မြဝတီတောင်ဘက် ဖလူးသုံးထပ်ကွေ့အထက်ပိုင်းတွင် တိုက်ပွဲပြင်းထန်

မြဝတီတောင်ဘက် ဖလူးသုံးထပ်ကွေ့အထက်ပိုင်းတွင် တိုက်ပွဲပြင်းထန်

15
Photo: CJ (ပုံထဲမှာ စာသားခေါင်းစဉ်လုပ်ပေးနိုင်ရင် ပိုကောင်း)

ဩဂုတ် ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေလမ်းပိုင်း သုံးထပ်ကွေ့အထက်ဘက် ကျော်ဝါးဘိုးတောင်ကြောသို့ ရောက်ရှိလာသည့် စစ်အုပ်စု စစ်ကူစစ်ကြောင်းများကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်တပ်များက ဖြတ်တောက် တိုက်ခိုက်နေသဖြင့် ဩဂုတ်လ ၁၀ ရက်နေ့မှစ၍ တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း ကျော်ဝါးဘိုးတောင်နှင့် ကဆောဝါးလေးတောင်ကြော နေရာများတွင် စစ်အုပ်စုဘက်မှ တပ်သားသစ်များ အကျအဆုံးများပြီး ပိတ်မိနေသည့်အတွက် ဩဂုတ်လ ၁၃ ရက်နေ့မှစ၍ ယနေ့ ဩဂုတ်လ ၁၅ ရက် ညနေ ၆ နာရီ ခွဲကျော်အချိန်အထိ ဂျက်တိုက်လေယာဉ်၊ Y-12 လေယာဉ်များအပြင် ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးသီးမျိုးစုံဖြင့် ကြဲချပစ်ကူပေးနေကြောင်း KNLA မဟာမိတ်တပ်ဖွဲ့ ရှေ့တန်းသတင်းအရင်းအမြစ်ထံမှ သိရသည်။

KNLA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ခုက ” စစ်ကြောင်းက သုံးထပ်ကွေ့ အပေါ်ဘက် ကျော်ဝါးဘိုးတောင်ကြောကို တက်လာတာ။ သူတို့ ပိတ်တိုက်ခံနေရလို့ ပြေးလာတဲ့ စစ်မှုထမ်း စစ်သားသစ် (ပစ) တွေကို မိတာရှိတယ်။ ပစတွေ ကျတာ၊ ထိခိုက်တာများနေလို့ လေယာဉ်က နေ့တိုင်းလာကြဲနေတယ်။ မိုးကလည်း ရွာနေပေမဲ့ တိုက်ပွဲက မရပ်ဘူး” ဟု ပြောသည်။

ထို့အပြင် ဖလူး၊ မင်းလက်ပံ လမ်းပိုင်းဘက်သို့ တိုးလာသည့် စစ်အုပ်စု စစ်ကြောင်းများကိုလည်း KNLA မဟာမိတ်တပ်များက ဖြတ်တောက်တိုက်ခိုက်နေသည့်အတွက် ရှေ့ဆက်တိုး၍ မရဘဲ မြဝတီ ခြေလျင် တပ်ရင်း-ခလရ (၂၇၅) တပ်မှ မစ်ဆိုင်းဒုံးများနှင့် ကာမီကာဇေ ဒရုန်းများအား အတွဲလိုက် ပစ်လွှတ်တိုက်ခိုက်နေကြောင်းလည်း သိရသည်။

လက်ရှိတွင် လေးကေ့ကော်မြို့သစ်၌ ဖားအံအခြေစိုက် တပ်မ (၂၂) စစ်ကြောင်း ရှေ့တန်း ကွပ်ကဲရေးတပ်ဖွဲ့များ အထိုင်ချတပ်စွဲထားပြီး မြဝတီဘက်မှ ပို့ဆောင်လာသည့် စစ်ကူနှင့် ခဲယမ်းများကို ရှေ့တန်းမြေပြင်စစ်ကြောင်းများသို့ ဆက်တိုက်ပို့ဆောင်ကာ စစ်ဆင်ရေးကို ကွပ်ကဲနေကြောင်း မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။

” မြဝတီဘက်က မယ်ထော်သလေး ရှမ်းကျောင်းဘက်ကို BGF ကားနဲ့ စစ်တပ်ကားတွေနဲ့ လာတယ်။ လေးကေ့ကော်ကို မယ်ဝါးခီးရွာလမ်းကနေ စစ်ကူပို့ပေးနေတာ။ အိမ်ရှေ့က စစ်ကားတွေ ဖြတ်သွားဖြတ်လာ ရှိနေတယ်။ လူနာပြန်သယ်တာမျိုးတွေလည်း တွေ့ရတယ်” ဟု ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

ထိုသို့ မြဝတီမြို့တောင်ဘက် KNLA မဟာမိတ်တပ်များ စိုးမိုးထိန်းချုပ်ထားသည့် စစ်အုပ်စု စစ်စခန်းနေရာများ၊ လမ်းပိုင်းများနှင့် ဒေသကျေးရွာများကို စစ်အုပ်စုက စစ်အင်အား ထောင်ချီပို့ ဆောင်ကာ စစ်ဆင်ရေးလုပ်ဆောင်နေသည့်အတွက် ဖလူး၊ မင်းလက်ပံ၊ ဝေါလေနှင့် သုံးထပ်ကွေ့ အထက်ဘက် တောင်ကြောနေရာများတွင် နေ့စဉ် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။