ဩဂုတ် ၁၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ဩဂုတ်လ ၁၄ ရက်မှ ၁၅ ရက်နေ့အထိ “MAE LA INTERNATIONAL OPEN 2026 ” ပိုက်ကျော်ခြင်း ဖိတ်ခေါ်ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။
အဆိုပါ ပြိုင်ပွဲကို နယူးဇီလန်နိုင်ငံရောက် ကရင်လူငယ် စောအဲ့မျိုးဦး ဦးဆောင်သည့် New Zealand Sepak Takraw အဖွဲ့က အဓိက ကမကထပြု ကျင်းပပေးခဲ့ခြင်းဖြစ်သည်။
နယ်စပ်ဒုက္ခသည်စခန်းအတွင်းရှိ လူငယ်များအနေဖြင့် မြင့်မားသည့် ရည်မှန်းချက်များ ထားရှိလာနိုင်စေရန်နှင့် နောင်တွင် အဆင့်မြင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကြီးများ၌ ဝင်ရောက်ယှဉ်ပြိုင်ခွင့် အခွင့်အလမ်းများ ရရှိလာစေရန် ရည်ရွယ်၍ ယခုပြိုင်ပွဲကို စီစဉ်ကျင်းပရခြင်းဖြစ်သည်ဟု ဦးဆောင်စီစဉ်သူများက ပြောသည်။
MAE LA INTERNATIONAL OPEN 2026 ဖိတ်ခေါ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် နယ်စပ်ဒုက္ခသည်စခန်းများမှ လူငယ်မောင်မယ်များအပြင် ထိုင်းပိုက်ကျော်ခြင်း အကျော်အမော်များဖြစ်ကြသည့် Keng၊ Ball၊ Dee Dee၊ Anuwat နှင့် မြန်မာပိုက်ကျော်ခြင်းအားကစားသမားဟောင်း ဇော်လတ်တို့လည်း လာရောက်အားပေးခဲ့ကြသည်။




















