Home တွေ့ဆုံမေးမြန်းခန်း ရှမ်းပြည်နယ်၌ လိင်နှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်ခံရမှုများနှင့် ပတ်သက်၍ SWAN တာဝန်ခံ နန်းခမ်းအွန်နှင့် ဆက်သွယ်မေးမြန်းချက်

ရှမ်းပြည်နယ်၌ လိင်နှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်ခံရမှုများနှင့် ပတ်သက်၍ SWAN တာဝန်ခံ နန်းခမ်းအွန်နှင့် ဆက်သွယ်မေးမြန်းချက်

17

“စစ်ဓလေ့ လွှမ်းမိုးချုပ်ကိုင်မှုနဲ့ အမြစ်တွယ်နေတဲ့ ဖိုဝါဒကြီးစိုးမှုကြောင့် ဒီ လိင်နဲ့ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အပြစ်ပေးအရေးယူမှုကို အားနည်းစေတယ်”

ရှမ်းပြည်နယ်၌ လိင်နှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်ခံရမှုများနှင့် ပတ်သက်၍ SWAN တာဝန်ခံ နန်းခမ်းအွန်နှင့် ဆက်သွယ်မေးမြန်းချက်

ရှမ်းပြည်နယ်ထဲတွင် အမျိုးသမီးနှင့် ကလေးငယ်များအပေါ် လိင်၊ ဂျဲန်ဒါအခြေပြု အကြမ်းဖက်ခံရမှု များလာရုံသာမက ရှင်သန်လွတ်မြောက်လာသူများကို ကာကွယ်မှု အားနည်းနေသည့် အခြေအနေများနှင့် ပတ်သက်၍ “တရားမျှတမှု ငြင်းပယ်ခံရခြင်း” ခေါင်းစဉ်ဖြင့် ထုတ်ပြန်ထားသည့် အစီရင်ခံစာအပေါ် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားမှု ဆောင်ရွက်ရေးအသင်း(SWAN) တာဝန်ခံ နန်းခမ်းအွန်နှင့် ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ပထမဆုံးအနေနဲ့ ဒီအစီရင်ခံစာကို ဘာကြောင့် ထုတ်ရတာလဲ၊ ဘာကို မီးမောင်းထိုးပြချင်တာပါလဲ သိပါရစေ။
ဖြေ။ အဓိက မီးမောင်းထိုးပြချင်တာကတော့ အမျိုးသမီးအပေါ် အကြမ်းဖက်မှုတွေ၊ လိင်ပိုင်းနဲ့ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုတွေက အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ပိုမိုမြင့်မားလာတဲ့အပြင် ဒီကျူးလွန်ခံရတဲ့သူတွေ၊ ရှင်သန်လွတ်မြောက်လာသူတွေအနေနဲ့ တရားမျှတမှု ရှာဖွေတဲ့နေရာမှာလည်း ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေနဲ့ အတားအဆီးတွေကို မီးမောင်းထိုးပြချင်တာပါ။ ပြီးတော့ ဒေသန္တရအုပ်ချုပ်ရေးမှာ တာဝန်ရှိသူများကိုလည်း ဒီကိစ္စရပ်တွေကို သေချာကိုင်တွယ်ဖြေရှင်းဖို့နဲ့ ရှင်သန်လွတ်မြောက်လာသူများကို ဗဟိုပြုပြီး တုံ့ပြန်ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေဖို့အတွက်လည်း ရည်ရွယ်ပါတယ်။

မေး။ အဲဒီအထဲမှာ လိင်နှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်ခံရမှု ဖြစ်စဉ်ပေါင်း (၁၇၂) ခု မှတ်တမ်းတင်ထားတာက ဘယ်ခုနှစ်ကနေ စပြီးတော့လဲ၊ အထူးသဖြင့် ရှမ်းပြည်နယ် ဘယ်ဒေသက ဖြစ်စဉ် အများဆုံးပါလဲ။
ဖြေ။ ကျမတို့ ဒီအစီရင်ခံစာထုတ်တဲ့ ကာလကတော့ ၂၀၂၂-၂၀၂၅ ကြားမှာ ကောက်ထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ အချက်အလက်ကောက်တဲ့သူ ရှိတဲ့ဒေသဆိုရင် ဖြစ်စဥ် တိုင်ကြားမှုတွေ ပိုရှိတယ်။ ဒါပေမဲ့ မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း သတင်းအချက်အလက် ကောက်ယူဖို့ အခက်အခဲရှိခဲ့လို့ ဖြစ်စဥ် လျော့ကျသွားတာ ရှိတယ်။ အကြမ်းဖက်မှုတွေ မဖြစ်တော့တာ၊ လျော့နည်းသွားတာ မဟုတ်ဘဲ ကျမတို့ဘက်က ကောက်ဖို့ လက်လမ်းမမီနိုင်တော့တာကြောင့်လည်း ဖြစ်ပါတယ်။

မေး။ စစ်အုပ်စုတပ်ဖွဲ့နဲ့ EROs အပါအဝင် လက်နက်ကိုင်အဖွဲ့တွေရဲ့ ကျူးလွန်တဲ့ အမှုတွေက (၁၅) ရာခိုင်နှုန်းအထိ ရှိတယ်၊ ကျူးလွန်တဲ့လူတွေကို အပြစ်ပေးအရေးယူတာ မရှိဘူးလို့ ထောက်ပြထားတာ တွေ့နေရတယ်။ ဘာကြောင့် အပြစ်ပေးအရေးယူမှု မရှိတာလို့ ယူဆပါသလဲ။
ဖြေ။ စစ်တပ်အုပ်စုတွေက ဒီလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လက်နက်သဖွယ် အသုံးပြုလာတာ စနစ်တကျ လုပ်လာခဲ့ကြတာဆိုတော့ သူတို့မှာ ဘာမှ အပြစ်ပေးအရေးယူမှု မရှိဘူးဆိုတာ အားလုံးသိကြပြီးသား၊ နိုင်ငံတကာကလည်း သိကြပြီးသားဆိုတော့ ထပ်ပြီး မပြောချင်တော့ပါဘူး။

ဒီ EROs အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းတွေက ဒီအကြမ်းဖက်မှုတွေကို အပြစ်ပေးအရေးယူမှု လုံးဝမရှိဘူးလို့ ကျမတို့ မဆိုလိုချင်ပါဘူး။ တချို့ဖြစ်စဥ်မှာ သူ့ဒေသနဲ့သူ၊ သူ့တရားဥပဒေနဲ့သူ လုပ်တာတွေ ရှိကြပါတယ်။ ဒါပေမဲ့ အရမ်းနည်းပြီးတော့ နစ်နာသူအတွက် အကာအကွယ်ပေးတဲ့ ယန္တရား မရှိသလို အပြစ်ပေးအရေးယူမှုမှာလည်း အားနည်းတယ်၊ ပွင့်လင်းမြင်သာမှု မရှိဘူး။

တချို့ဖြစ်စဥ်တွေဆိုရင် ဖျောက်ဖျက်ဖို့ ကြိုးစားတယ်ဆိုတဲ့ အထောက်အထားတွေ ကျမတို့ သိရှိရပါတယ်။ အဲ့ဒါက စစ်ဓလေ့ လွှမ်းမိုးချုပ်ကိုင်မှု (Militarization) နဲ့ အမြစ်တွယ်နေတဲ့ ဖိုဝါဒကြီးစိုးမှုကြောင့် ဒီ လိင်နဲ့ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အပြစ်ပေးအရေးယူမှုကို အားနည်းစေတယ်လို့ ယူဆပါတယ်။

အစီရင်ခံစာထဲမှာ ဖော်ပြထားတဲ့ အမှု ၁၇၂ ခုထဲက တိုင်ကြားထားတဲ့ ဖြစ်စဉ်တွေရဲ့ ၇၀ ရာခိုင်နှုန်းကို ရပ်ကျေးခေါင်းဆောင်တွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ဒါမှမဟုတ် ဒေသဆိုင်ရာ အာဏာပိုင်တွေဆီ တင်ပြခဲ့ကြတယ်။ ရှင်သန်လွတ်မြောက်လာသူတွေနဲ့ မိသားစုတွေက လူမှုအသိုင်းအဝိုင်းရဲ့ အပြစ်တင်ဝေဖန်မှု၊ အရှက်ကွဲမှာစိုးမှု၊ လုံခြုံရေး အန္တရာယ်တွေကြောင့် တိုင်ကြားမှုမပြုဖို့ ဖိအားပေးခံရတာနဲ့ တိုင်ကြားဖို့ တွန့်ဆုတ်သွားကြတယ်။ လူမှုအသိုင်းအဝိုင်း အခြေပြုယန္တရားတွေကလည်း လျော်ကြေး/ဒဏ်ငွေနဲ့ ညှိနှိုင်းဖြေရှင်းတာကိုပဲ ဦးစားပေးကြတယ်။

ဒါ့အပြင် ဒေသခံအာဏာပိုင်တွေက အမှုတွေကို “မိသားစုအတွင်းကိစ္စ” လို့ သတ်မှတ်ပြီး ငြင်းပယ်တာ၊ ရှင်သန်လွတ်မြောက်လာသူရဲ့ ထွက်ဆိုချက်ကို မယုံကြည်တာ၊ ဒါမှမဟုတ် အာဏာနဲ့ ဩဇာအရှိန်အဝါရှိတဲ့ ကျူးလွန်သူရဲ့ လွှမ်းမိုးမှုအောက်မှာ အမှုတွေ ရပ်တန့်သွားတာတွေကြောင့် ဆက်လက်အရေးယူတာ မရှိတော့ဘူး။ ထို့အပြင် “တရားဝင်” ဥပဒေစနစ်နဲ့ တရားရုံးတွေ ကောင်းကောင်း အလုပ်မလုပ်နိုင်တဲ့ ဒေသတွေမှာ EROs (တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ) က သူတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်နဲ့ အမှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ သူတို့ရဲ့ အဖွဲ့ဝင်တွေ ကျူးလွန်တဲ့ SGBV ဖြစ်စဉ်တွေကို ဖုံးကွယ်ထားတာ၊ အမှုတွေကို စီရင်ဆုံးဖြတ်ရာမှာ ပွင့်လင်းမြင်သာမှု မရှိတာ၊ ခြိမ်းခြောက်မှုတွေ ပိုကြုံရတာတို့ ဖြစ်တယ်။ ရှင်သန်လွတ်မြောက်လာသူတွေက လက်ရှိ တရားမျှတမှု ယန္တရားတွေကို သိပ်မယုံကြည်ကြဘူး၊ လက်တုံ့ပြန်ခံရမှာ စိုးရိမ်ကြတာကြောင့် ဒီယန္တရားတွေကို အနည်းငယ်ပဲ သုံးခဲ့ကြတယ်ဆိုတာ တွေ့ရတယ်။

မေး။ အကြမ်းဖက်ခံရမှု လွတ်မြောက်လာသူတွေကို စိတ်အကာအကွယ်ပေးမှု၊ တရားမျှတမှု၊ လုံခြုံမှု အထောက်အပံ့ ရရှိဖို့ ဘာကြောင့် အားနည်းတာလဲ၊ ဘယ်လိုလူတွေက တာဝန်အရှိဆုံးလို့ ပြောချင်ပါသလဲ။
ဖြေ။ ရပ်ရွာအဆင့်မှာ တရားမျှတမှု ရရှိအောင် မြှင့်တင်ဖို့အတွက် လိင်နဲ့ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှု (SGBV) အကြောင်း အသိပညာပေးတာ၊ အသိအမြင် မြှင့်တင်တာတွေကို အားကောင်းကောင်း လုပ်ဖို့ လိုအပ်သလို၊ ရပ်ရွာခေါင်းဆောင်မှု ဖွဲ့စည်းပုံတွေမှာလည်း ဂျဲန်ဒါအရ မျှတတဲ့ ကိုယ်စားပြုပါဝင်မှုကို မြှင့်တင်ဖို့ လိုအပ်ပါတယ်။ လူမှုအသိုင်းအဝိုင်း အခြေပြုအဖွဲ့အစည်းတွေ (CBOs) က တရားမျှတမှု ဖော်ဆောင်ရာမှာ တိုက်ရိုက်လုပ်ဆောင်တဲ့ အာဏာပိုင်တွေ မဟုတ်ပေမယ့် SGBV ခံရသူတွေအတွက် အရမ်းအရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေကြတယ်။ SGBV ဖြစ်စဉ် အများကြီးမှာ ရှင်သန်လွတ်မြောက်လာသူတွေက အစားအသောက်နဲ့ ကလေး စောင့်ရှောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သွားလာရေး အကူအညီ၊ နှစ်သိမ့်ဆွေးနွေးပေးတာနဲ့ မီးဖွားရာမှာ ကူညီစောင့်ရှောက်ပေးတာတွေ ရအောင် CSOs နဲ့ CBOs တွေဆီ အကူအညီတောင်းခဲ့ကြတယ်။ ဒါ့အပြင် ရှင်သန်လွတ်မြောက်လာသူတွေ တရားမျှတမှု ရအောင်လို့ CSOs နဲ့ CBOs တွေက ရဲတပ်ဖွဲ့၊ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ချိတ်ဆက်ညှိနှိုင်းပေးတာ၊ လိုအပ်တဲ့ အထောက်အပံ့တွေ ပံ့ပိုးပေးတာတွေကိုလည်း လုပ်ဆောင်ခဲ့ကြတယ်။

ရှင်သန်လွတ်မြောက်လာသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ တရားမျှတမှုပိုင်းဆိုင်ရာ၊ လုံခြုံမှု အထောက်အပံ့ ရရှိဖို့ အားနည်းတဲ့ အကြောင်းအရင်းကတော့ အရင်းအမြစ်တွေ မလုံလောက်တာ၊ မရှိတာကြောင့်နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ နားလည်သဘောပေါက်ပြီး အလေးထားမှု အားနည်းတာကြောင့်လည်း ဖြစ်သလို ဒေသမှာရှိတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အချက်အလက်မရှိတာ၊ လက်လမ်းမမီတာလည်း ဖြစ်နိုင်ပါတယ်။ တာဝန်အရှိဆုံးကတော့ လက်ရှိအခြေအနေအရဆိုရင် ဒေသအာဏာပိုင်တွေက ပိုအရှိဆုံးလို့ ပြောချင်ပါတယ်။

မေး။ လက်ရှိ ရှမ်းပြည်နယ်မှာ လိင်အကြမ်းဖက် ကျူးလွန်မှုတွေကို ပြစ်ဒဏ်ပေးမှုတွေက သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက အလေးထား ဆောင်ရွက်မှု ဘယ်လိုရှိပါသလဲရှင့်။
ဖြေ။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက တခြားအကြမ်းဖက်မှု ဖြစ်စဉ်တွေနဲ့ နှိုင်းယှဉ်ရင် တရားဝင် ဥပဒေလုပ်ငန်းစဉ်တွေနဲ့ အမှုဖွင့်အရေးယူတာနဲ့ ကျူးလွန်သူကို တရားစွဲဆိုတာတွေကို ပိုပြီးတွေ့ရတယ်။ ကျူးလွန်သူတွေအပေါ် အရေးယူ ဆောင်ရွက်မှုတွေမှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ ဒါမှမဟုတ် မြန်မာစစ်တပ်ဘက်က ဖမ်းဆီးထိန်းသိမ်းပြီး အပြစ်ပေးတာ၊ ကျေးရွာခေါင်းဆောင်တွေ၊ အုပ်ချုပ်ရေးမှူးတွေရဲ့ အမိန့်နဲ့ ငွေကြေး လျော်ကြေးပေးဆောင်စေတာတွေ ပါဝင်တယ်။ ဒါပေမဲ့ တချို့ဒေသတွေမှာ အထက်ပါ စိန်ခေါ်မှုတွေ ရှိနေတာကြောင့် ရှင်သန်လွတ်မြောက်သူဘက်က အမှုရင်ဆိုင်ရာမှာ လက်ရှိရှိနေတဲ့ တရားမျှတမှု ယန္တရားတွေကို သိပ်ပြီး မယုံကြည်ကြဘူး၊ လက်တုံ့ပြန်ခံရမှာ စိုးရိမ်ကြတာကြောင့် တရားမျှတမှု ရအောင်လို့ ဒီယန္တရားတွေကို သိပ်ပြီး မသုံးချင်ကြဘူး။

မေး။ အမျိုးသမီး အကြမ်းဖက်ခံရမှုက ရှမ်းပြည်နယ်မှာ ကျယ်ကျယ်ပြန့်ပြန့် များလာနေဆဲပဲဆိုတော့ အမျိုးသမီးတွေ လုံခြုံမှု စိုးရိမ်ချက်တွေက ဘယ်လိုရှိလဲ။
ဖြေ။ မရှိသလောက်ပါပဲ။ ဘယ်မှာပဲနေနေ လုံခြုံမှုရှိတယ်လို့ မခံစားရဘူး။ ကျမတို့ ကောက်ခံထားရတဲ့ အချက်အလက်အရ အိမ်ထဲမှာနေလည်း မလုံခြုံဘူး၊ တိုက်ပွဲဖြစ်လာရင် ပိုဆိုးတယ်။ လက်ရှိအခြေအနေဆိုရင် ရှမ်းပြည်မှာ တရားမဝင် စီးပွားရေးတွေလည်း အရမ်းများလာတယ်၊ လိမ်လည်မှုတွေလည်း တမျိုးပြီးတမျိုး ပေါ်လာတယ်၊ ဒါကြောင့် လုံခြုံရေးတွေ အရမ်းပဲ စိုးရိမ်ရပါတယ်။ ဒါကြောင့် ဒေသန္တရမှာရှိတဲ့ တာဝန်ရှိသူတွေ၊ အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေးယန္တရားတွေ အားကောင်းပြီး တကယ်ပဲဒီ လိင်နှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုတွေ သေသေချာချာ ကိုင်တွယ်ဖို့နဲ့ အမျိုးသမီးတွေ၊ ကလေးတွေကို တကယ် အကာအကွယ်ပေးနိုင်တဲ့ ယန္တရားတွေ ရှိဖို့ အရမ်းပဲ လိုအပ်နေပါတယ်။

မေး။ စစ်ရှောင် အမျိုးသမီးတွေအနေနဲ့ရော ဘယ်လို အကြမ်းဖက်ခံရမှုတွေ ရှိပါသလဲရှင့်။
ဖြေ။ စစ်ဘေးရှောင် အမျိုးသမီးတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ၊ အကြမ်းဖက်မှုတွေ ပိုပြီး ရင်ဆိုင်ကြုံတွေ့ရလေ့ ရှိပါတယ်။ ဒါ့အပြင် အခြေခံ အစားအသောက်၊ ဆေးဝါးတွေ၊ အသုံးအဆောင်တွေလည်း မရှိဘူး၊ မလုံလောက်ဘူး။ ဒီစစ်ပဋိပက္ခကာလ၊ တရားရေးစနစ် အားနည်းတဲ့ကာလမှာ အကြမ်းဖက်မှု ဖြစ်ခဲ့တယ်ဆိုရင် အကူအညီ ရယူဖို့၊ တိုင်ကြားဖြေရှင်းပေးဖို့အတွက် အရမ်းပဲ ခက်ခဲပါတယ်။