Home သတင်း ကေအဲန်ယူ သထုံခရိုင်တွင် မေလအတွင်း စစ်အုပ်စု တပ်ဖွဲ့ဝင် (၂၁) သေဆုံး

ကေအဲန်ယူ သထုံခရိုင်တွင် မေလအတွင်း စစ်အုပ်စု တပ်ဖွဲ့ဝင် (၂၁) သေဆုံး

243
Photo: MITV (ပုံဟောင်း)

ဇွန် (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ–ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ/သထုံခရိုင်၊ တပ်မဟာ (၁) ထိန်းချုပ်နယ်မြေတွင် ပြီးခဲ့သည့်မေလအတွင်း စစ်အုပ်စုနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ နှစ်ဖက်ထိတွေ့တိုက်ပွဲများအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင်(၂၁)ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူ၏ လချုပ်စာရင်းအရ သိရသည်။

မေလ (၂) ရက်မှ (၃၀) ရက်နေ့အထိ ကျိုက်ထိုမြို့နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့ရှိ ကျေးရွာများတွင် နှစ်ဖက်တိုက်ပွဲပေါင်း (၂၄) ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် (၂၁) ဦး သေဆုံး၍ (၅)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ(၁)ဘက်က အသေးစိတ်စာရင်းပြုစုထားခြင်းဖြစ်သည်။

တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ စစ်အုပ်စုတပ်ဖွဲ့များအား မိုင်းဆွဲတိုက်ခိုက်မှု၊ ပျောက်ကြားစနစ်ဖြင့်တိုက်ခိုက်မှု၊ ဒရုန်းနှင့်လက်နက်ကြီးပစ်ခတ်မှုများလုပ်ဆောင်ခဲ့သလို တိုက်ပွဲများအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း (၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

တဖက်တွင် အရပ်သားပြည်သူပိုင်နေရာများသို့ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု (၅)ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု (၁)ကြိမ်လုပ်ဆောင်ခဲ့၍ အရပ်သားပြည်သူ(၁)ဦး သေဆုံးခဲ့ရပြီး (၄) ဦး ထိခိုက်ဒဏ်ရာရသည့်အပြင် နေအိမ် (၈)လုံးအထိ ပျက်စီးမှုရှိခဲ့သည်ဟု ကေအဲန်ယူစာရင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဧပြီလတစ်လလုံးတွင်လည်း စစ်အုပ်စုနှင့်တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင် (၅)ဦးသေဆုံးပြီး စစ်အုပ်စုဘက်မှ(၂၆)ဦး သေဆုံးခဲ့ခြင်းရှိကြောင်း ခရိုင်၏ လချုပ်မှတ်တမ်းအရ သိရသည်။

အလားတူ ယခုဇွန်လအတွင်း သထုံခရိုင်နယ်မြေအချို့၌ အရပ်သားပြည်သူ လုံခြုံရေးစိုးရိမ်စရာအခြေအနေ ဆက်လက်ရှိနေသလို ဇွန်လ (၁၈) ရက်နှင့် (၁၉)ရက်ဆက်တိုက် လေယာဥ်ဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ရာတွင် ပြည်သူနှင့်တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။