ဇွန် (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့ပေါ်ရပ်ကွက် နေအိမ်တစ်ခုတွင် ယမန်နေ့ (ဇွန်လ ၁၉) ရက်နေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အသက် ၁ နှစ်အရွယ် ယောင်္ကျားလေး (၁) ဦးနှင့် ၁၄ နှစ်အရွယ် မိန်းကလေး (၁) ဦး မီးကျွမ်းသေဆုံးသွားခဲ့ကြောင်း မြို့ခံများအပါအဝင် မြဝတီမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ညနေ ၃ နာရီခွဲဝန်းကျင်တွင် မြဝတီမြို့ အမှတ် (၅) ရပ်ကွက် ခေါက်မလိလမ်းရှိ နေအိမ်တစ်အိမ်၌ ဂတ်စ်မီးဖိုမှစတင်သည့်မီးလောင်ကျွမ်းမှုအတွင်း နေအိမ်ရှိ ကလေး(၂)ဦး သေဆုံးပြီး အသက် (၇၅) နှစ်အရွယ် အမျိုးသား ၁ ဦးမှာလည်း မီးလောင်ဒဏ်ရာများရရှိခဲ့သည်ဟု ဆိုသည်။
“ဖြစ်တဲ့အချိန် ကျန်တဲ့လူကြီးတွေက အိမ်မှာမရှိကြဘူး၊ ကလေး ကျောင်းသွားကြိုတယ်လို့ ကြားတာပဲ။ ကလေး(၂)ယောက်ကတော့ ဆုံးသွားတယ်။ မီးလောင်တဲ့အထဲကထုတ်လို့ရကတည်းက မီးကျွမ်းသွားပြီ။ ကိုယ်လည်းကလေးငယ်ရှိတဲ့ အမေဆိုတော့ မခံစားနိုင်ဘူး” ဟု ရပ်ကွက်နေ မြဝတီမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
မြဝတီခရိုင် မီးသတ်ဦးစီးဌာနဘက်က ယမန်နေ့ထုတ်ပြန်ချက်အရ မီးလောင်မှုမှာ ၃ နာရီ မိနစ် ၂၀ တွင် စတင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များ၏ဝိုင်းဝန်းမီးငြိမ်းသတ်မှုဖြင့် ၄ နာရီ ၁၈ မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသွားကြောင်း သိရသည်။

ထို့အပြင် မီးလောင်ဒဏ်ရာဖြင့် အသက်ရှင်ကျန်ရစ်သူအား မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ထိခိုက်ဒဏ်ရာမစိုးရိမ်ရဟု ဆိုသည်။
မီးလောင်မှုဖြစ်ပွားသည့်နေအိမ်မှာ စက်သုံးဆီမှောင်ခိုသိုလှောင်ရောင်းချခြင်း လုပ်ကိုင်ကြောင်း လှုမှုကွန်ရက်မီဒီယာပေါ်တွင် သတင်းထွက်နေသော်လည်း ကေအိုင်စီအနေဖြင့်သီးခြားအတည်ပြုနေဆဲ ဖြစ်သည်။
အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)ဂယက်ကြောင့် ထိုင်းနိုင်ငံဘက်မှ မြဝတီသို့ လျှပ်စစ်မီးနှင့်အင်တာနက်လိုင်းထောက်ပံ့မှုအပြင် တရားဝင်စက်သုံးဆီဆိုင်ကြီးများသို့ စက်သုံးဆီတင်ပို့မှုအားလည်း ရပ်ဆိုင်းထားခြင်းရှိသည်။
ထိုအချိန်မှစ၍ မြဝတီမြို့ပေါ်ရပ်ကွက်များတွင် လောင်စာဆီများ တစ်နိုင်တစ်ပိုင်သိုလှောင်၍ တရားမဝင်ဈေးဖြင့် ပြန်လည်ရောင်းချသူ များပြားလာသလို ဘေးကင်းလုံခြုံရေးအတိုင်းအတာများ မရှိခြင်းကြောင့် မီးဘေးအန္တရာယ်များ နေ့စဥ်နှင့်အမျှ မြင့်တက်လျှက်ရှိကြောင်းလည်း သိရသည်။



















