Home သတင်း စစ်ကြောင်းထိုးမှုကြောင့် တပ်မဟာ ၅ နယ်မြေတွင် ကျောင်း ၁၅ ကျောင်း ပိတ်ထားရပြီး ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်နေရ

စစ်ကြောင်းထိုးမှုကြောင့် တပ်မဟာ ၅ နယ်မြေတွင် ကျောင်း ၁၅ ကျောင်း ပိတ်ထားရပြီး ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်နေရ

260

ဇွန်လ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် (ဖာပွန်ခရိုင်)၊ တပ်မဟာ (၅) နယ်မြေရှိ ဒွယ်လိုးမြို့နယ်နှင့် ဘူးသိုမြို့နယ်များတွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် စာသင်ကျောင်း ၁၅ ကျောင်း ပိတ်ထားရပြီး ကျေးရွာ ၁၃ ရွာမှ ထောင်နှင့်ချီသော ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း တပ်မဟာ(၅)သတင်းအရင်းအမြစ်မှ သိရသည်။

ပြီးခဲ့သည့် မေလ (၇) ရက်နေ့မှ စတင်ကာ အင်အား (၂၀၀၀) ဝန်းကျင်ရှိ စစ်အုပ်စု ပူးပေါင်းစစ်ကြောင်းမှ စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ဒွယ်လိုးနှင့် ဘူးသိုမြို့နယ်အတွင်းရှိ လေးဖို့ထ ကျေးရွာ အုပ်စုနှင့် မယ်ပရီကျေးရွာအုပ်စုရှိ ကရင်ပညာရေးနှင့်ယဥ်ကျေးမှုဌာန-KECD စီမံခန့်ခွဲမှုအောက်မှ စာသင်ကျောင်း စုစုပေါင်း (၁၅) ကျောင်းခန့် ပိတ်ထားခဲ့ရပြီး ယနေ့အချိန်ထိ ပြန်လည်ဖွင့်လှစ် နိုင်ခြင်းမရှိသေးကြောင်း မူတြော်ခရိုင်ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ပဒိုစောထို့ရော်ဘင်က “လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ လာပစ်တယ်။ အိမ်တွေကို မီးရှို့လို့ ထွက်ပြေးတိမ်းရှောင်နေရတယ်။ ကျောင်းလည်းတက်လို့မရတော့ဘူး။ အခုချိန်က လူထုအနေနဲ့ စိုက်ပျိုးရေးလုပ်ကိုင်ရမယ့်အချိန်။ ဒါပေမဲ့ အိမ်တွေယာတွေစွန့်ပြီး ထွက်ပြေးနေရတယ်။ ကလေးတွေရဲ့ ပညာရေးအတွက် အများကြီး ထိခိုက်နစ်နာမှုရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်အုပ်စုစစ်ကြောင်းသည် အဆိုပါ မြို့နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ရာတွင် အရပ်သား နေအိမ်များကိုမီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာများဖြစ်သည့် မယ်ကျိခီး၊ တရောပူ၊ ဝါးသိုးခို၊ လယ်ကွဲဒို၊ လယ်ကွဖိုးနှင့် မောလော်ကလိုးအပြင် ကျေးရွာ ခုနှစ်ရွာမှ ထောင်နှင့်ချီသည့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရ ခြင်းဖြစ်သည်ဟု ပဒိုစောထို့‌ရော်ဘင်က ဆက်ပြောသည်။

“လူထုအနေနဲ့ အရေအတွက် များလာတာကြောင့် လိုအပ်ချက်တွေ များလာတယ်။ အကူအညီရတဲ့အထဲ ဖျာတွေပါတယ်။ ဒါပေမယ့် ဆေးဝါးနဲ့ တခြားလိုအပ်တာတွေ အများကြီး လိုအပ်နေသေးတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဖာပွန်ဒေသကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ရန် အင်အားအလုံးအရင်းဖြင့် မြေပြင် စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုစစ်ကြောင်းသည် ကတိုင်တိကျေးရွာသို့ ရောက်ရှိနေပြီး ဒေသခံရွာ သားများ၏ နေအိမ်များတွင် စခန်းချနေထိုင်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ကေအဲန်ယူ တပ်မဟာ (၅) ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ် တိုက်ခိုက်မှုကြောင့် ရှေ့မတိုးနိုင်ဘဲ ကမမောင်း-ကတိုင်တိ လမ်းမရှိ ဘောကျို့ထကျေးရွာတွင် ဒေသခံရွာသား ၃၀ ကျော်ကို ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က လူသားဒိုင်းပုံစံ ဖမ်းဆီး ထိန်းသိမ်း ထားခြင်းများရှိခဲ့ပြီး ယနေ့အချိန်ထိ ပြန်မလွတ်ပေးသေးကြောင်း ကေအဲန်ယူ မူတြော်ခရိုင်ထံမှ သိရသည်။