Home သတင်း ဖမ်းဆီးခံ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြားမှုခံယူသူများအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ရေးတောင်းဆို

ဖမ်းဆီးခံ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြားမှုခံယူသူများအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ရေးတောင်းဆို

297

ဇွန်လ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် အဖမ်းဆီးခံထားရသည့် အမျိုးသမီးများ နှင့် ဂျန်ဒါစုံလင်ကွဲပြားမှု ခံယူထားသူများအပေါ် စစ်တပ်က ကျူးလွန်နေသည့် ညှဉ်းပန်းနှိပ်စက်မှုများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအဖြစ် အသိအမှတ်ပြုရန် Sisters 2 Sisters အဖွဲ့က နိုင်ငံတကာကို တောင်းဆိုလိုက်သည်။

ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာအပြည်ပြည်ဆိုင်ရာနေ့ ထုတ်ပြန်ကြေညာချက်မှာ အမျိုးသမီးအခွင့်အရေးအတွက် လှုပ်ရှားနေသည့် Sisters 2 Sisters အဖွဲ့က ယခုလို တောင်းဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာပြည်တွင်း၌ စစ်တပ်အာဏာသိမ်းပိုင်း နောက်ပိုင်း ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု လုပ်ရပ်များသည် ဆိုးဆိုးရွားရွား မြင့်တက်လာနေပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေကြသည့် ကျူးလွန်သူများအပေါ်အရေးယူနိုင်ရန်ဖြစ်သည်ဟု Sisters 2 Sisters ၏ Campaigning and advocacy coordinator မကြည်ငြိမ်း က ပြောသည်။

၎င်းက “ဒါတွေက ပြည်တွင်းထဲမှာ ရှိနေတဲ့ အကျဉ်းထောင်တွေရဲ့ စီမံခန့်ခွဲမှု ပြဿနာ သက်သက် မဟုတ်ဘူး။ ဒါက ပြည်တွင်းထဲမှာဖြစ်နေတဲ့ ရာဇဝတ်မှုတွေဖြစ်တယ်။ ဒါဟာ စစ်တပ်ကနေ သူတို့ရဲ့ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းရှုမြင်ပြီးတော့ အရေးယူတုံ့ပြန်ဆောင်ရွက်မှုတွေ ဆောင်ရွက်နိုင်ဖို့ဖြစ်ပါတယ်။ အဓိက အရေးကြီးဆုံးကတော့ မတရားသဖြင့် ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတွေ ဂျန်ဒါစုံလင်ကွဲပြားသူရဲ့ သူတို့အတွက် ကာကွယ် စောင့်ရှောက်ခွင့်တွေအမြန်ဆုံးရရှိဖို့လိုအပ်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လက်နက်သဖွယ် ကျင့်သုံးလာသည်မှာ ယခင်ကာလ များစွာကတည်းက ကျင့်သုံးလာခဲ့ခြင်းဖြစ်ပြီး ယခုလို ဆယ်စုနှစ်များစွာ ကြာအောင် ကျင့်သုံးလာနေရခြင်းသည် ကျူးလွန်သူများကို အရေးမယူနိုင်၍ မျက်ကွယ်ပြု ပြစ်ဒဏ်ကင်း လွတ်ခွင့်ပေးထားသောကြောင့် ဖြစ်သည်ဟု Sisters 2 Sisters က ထောက်ပြသည်။

အထူးသဖြင့် လက်ရှိ အာဏာသိမ်းကာလနောက်ပိုင်းတွင် စစ်ကိုင်း၊ ရှမ်း၊ ကရင်နီ၊ ကချင်၊ ကရင်၊ ရခိုင် နှင့် ချင်းဒေသများရှိ အမျိုးသမီးများ၊ ကျေးလက်နေ အမျိုးသမီးများ၊ လူမျိုးစုအမျိုးသမီးများ၊ ၁၈ နှစ်အောက် အမျိုးသမီးငယ်များ၊ မသန်စွမ်းအမျိုးသမီးများ၊ မတရားသဖြင့်ဖမ်းဆီးထိန်းသိမ်းခံနေရသော အမျိုးသမီးများ နှင့် LGBTQIAN+ (လိင်စိတ်ခံ ယူမှုကွဲပြားသူများ) သည် စစ်အာဏာရှင်စနစ် နှင့် မဟာဖိုဝါဒကြီးစိုးရေးစနစ်ကြောင့် ဖြစ်ပွားသော အကြမ်းဖက်မှုများ၏ အဓိက ပစ်မှတ်ဖြစ်လာကြသည်ဟု ဆိုသည်။

စစ်တပ်၏ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုပုံစံများတွင် လက်နက်ကိုင် ပဋိပက္ခ နယ်မြေအတွင်း ဖမ်းဆီးရမိသည့် အမျိုးသမီးများကို အုပ်စုဖွဲ့ အဓမ္မကျင့်ခြင်း၊ သတ်ဖြတ်ခြင်း စသည့် ရက်စက်သောနည်းလမ်းများကို အသုံးပြုကြသည်။

ထို့အပြင် ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသူများကို စစ်ကြောရေးကာလတွင် အဝတ်အစားများ အဓမ္မ ချွတ်ခိုင်းခြင်း၊ လိင်ပိုင်းဆိုင်ရာအရ အရှက်ခွဲခြင်း နှင့် ရုပ်ပိုင်းဆိုင်ရာအရ ရိုက်နှက်ခြင်းတို့ကိုပြုလုပ်ခဲ့သည်ဟု ပြန်လည်လွတ်မြောက်လာသူများက ထွက်ဆိုကြသည်။

ဆက်လက်ပြီး စစ်တပ်က ဖမ်းဆီးထားသည့် လိင်စိတ်ခံယူမှုကွဲပြားသူများကိုလည်း ဆံပင်အတင်း အဓမ္မညှပ်ခြင်း၊ အဝတ်အစားများချွတ်ပစ်ခြင်း နှင့် ပြင်းထန်စွာ ရိုက်နှက်ခြင်း တို့အပါအဝင် ရက်စက်ကြမ်းကြုတ်သော ဆက်ဆံမှုများကို ပြုခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

ထိုအတွက်ကြောင့် မတရား ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသူများ အား ချက်ချင်းလွှတ်ပေးရန်နှင့် ဆေးကုသ စောင့်ရှောက်မှုများရရှိစေရန်လည်း အဖွဲ့၏ ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

၎င်းအပြင် မည်သည့် အစိုးရ နှင့် အဖွဲ့အစည်းများ အနေဖြင့် မြန်မာစစ်တပ်၏ အတုအယောင်နိုင်ငံရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းခြင်းဖြင့် ၎င်းတို့၏ လုပ်ရပ်ကို ပုံမှန်ဖြစ်အောင်၊ တရားဝင်ဖြစ်အောင် မလုပ်ဆောင်ကြရန်လည်း တိုက်တွန်းထားသည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက် ဆံမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (CEDAW)ကို အတည်ပြု လက်မှတ်ရေးထိုးခဲ့သော်လည်း စစ်အုပ်စုသည် သဘောတူစာချုပ်ပါ အချက်တွေကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက် ကျူးလွန်နေသည်ဟုလည်း Sisters 2 Sisters က ထောက်ပြ ဝေဖန်ထားသည်။

ဇွန်လ ၁၉ ရက်နေ့သည် လက်နက်ကိုင်ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် အသုံးချနေမှုကို ကမ္ဘာကသိရှိပြီး ဝိုင်းဝန်းအဆုံးသတ်ရန်၊ နစ်နာသူများကို စာနာရန်နှင့် ယင်းရာဇဝတ်မှု ပပျောက်ရေးအတွက် မြေပြင်တွင် စွန့်စားလုပ်ဆောင်နေသူများကို ဂုဏ်ပြုရန် ရည်ရွယ်၍ ကုလသမဂ္ဂက ၂၀၁၅ ခုနှစ်တွင် ပြဌာန်းခဲ့သော “ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာနေ့” ဖြစ်သည်။