Home သတင်း ကျိုက်ထို၊ ကျောက်ဖျာကျေးရွာအုပ်စုတွင် ဂျက်ဖိုက်တာဗုံးကြဲ၍ ဒေသခံ (၄)ဦးသေဆုံး၊ (၁)ဦးဒဏ်ရာရ

ကျိုက်ထို၊ ကျောက်ဖျာကျေးရွာအုပ်စုတွင် ဂျက်ဖိုက်တာဗုံးကြဲ၍ ဒေသခံ (၄)ဦးသေဆုံး၊ (၁)ဦးဒဏ်ရာရ

163
Photo: CJ

ဇွန် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင်၊ တပ်မဟာ(၁) ကျိုက်ထိုမြို့နယ် ကျောက်ဖျာကျေးရွာအုပ်စုရှိ သဝေါသော(ချောင်းစောင့်)ရွာထဲသို့ ယမန်နေ့ ဇွန်လ (၁၈)ရက်နေ့က စစ်အုပ်စုတပ်မှ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား (၄)ဦးသေဆုံးပြီး (၁)ဦးဒဏ်ရာရရှိကြောင်း သိရသည်။

ယမန်နေ့ နေ့လယ် (၁၂)နာရီအချိန်ခန့်တွင် ပြည်သူလူထုများနေထိုင်သည့် ချောင်းစောင့်ရွာအတွင်းရှိ ကုန်စုံဆိုင်ကို စစ်အုပ်စုမှ ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀)ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ပိုင်ရှင်အပါအဝင် စျေးလာဝယ်သူ (၃)ဦး သေဆုံးသွားကြောင်း ဒေသခံများကပြောသည်။

သေဆုံးသူများအနက် အသက်(၃၈)နှစ်အရွယ် ဆိုင်ရှင်အမျိုးသားဖြစ်သူ စောကျော်တင့်မှာ နေရာတွင်ပင် ပွဲချင်းသေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ဇနီး နော်ဖောလုလု မှာမူ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဆွေမျိုးတော်စပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။

“ကျနော့်အစ်မက အခု သတိရတစ်ချက်မရတစ်ချက်ဖြစ်တယ်။ တင်၊ ကြောကုန်းနဲ့ဗိုက်နေရာတွေ အများကြီးထိတယ်။ သူ့အမျိုးသားကတော့ ထိတာနဲ့ဆုံးသွားတယ်။ လေယာဉ်လာပစ်တဲ့အချိန် သူတို့ဆိုင်မှာဘဲရှိနေတာ။” ဟု အဆိုပါအမျိုးသားက ပြောသည်။

Photo: CJ

လေကြောင်းပစ်ခတ်ရာနေရာတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်အတွက် စစ်အုပ်စုဘက်မှ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သွားကြောင်း ဒေသတာဝန်ရှိသူများဘက်က ပြောဆိုနေကြခြင်းလည်းရှိသည်။

ထို့အပြင် လေယာဥ်ဗုံးလာကြဲအပြီး အဆိုပါကျေးရွာတွင်နေထိုင်သည့် ဒေသခံလူထုများမှာ စိတ်လုံခြုံမှုမရှိသဖြင့် ဘေးလွတ်ရာနေရာသို့ တိမ်းရှောင်နေကြရသည်ဟုလည်း သိရသည်။

ကျိုက်ထိုမြို့နယ်ထဲတွင် စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်များ မကြာခဏဖြစ်ပွားနေသလို ပြီးခဲ့သည့် ဇွန်လ (၅)ရက်နေ့ကလည်း တကွီးပူကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်ခဲ့၍ ဒေသခံ အမျိုးသားတစ်ဦး လက်နက်ကျည်ထိမှန်ကာ သေဆုံးခဲ့သေးသည်။

ထို့အတူ ပြီးခဲ့သည့် ၂၀၂၅ခုနှစ် အောက်တိုဘာလတွင်လည်း ကျိုက်ထိုမြို့နယ် ကျောက်ဖျာနှင့်နတ်စင်ကျေးရွာထဲကို စစ်အုပ်စုမှ အလားတူလေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး အမျိုးသမီး(၁)ဦးအပါအဝင် ဒေသခံ(၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူနှင့်ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။