Home သတင်း မယ်ဟောင်ဆောင်ခရိုင် ဝေးလံဒေသပြည်သူများအတွက် ထိုင်းတော်ဝင်မိသားစုက မိုဘိုင်းကျန်းမာရေးအဖွဲ့ စေလွှတ်မည်

မယ်ဟောင်ဆောင်ခရိုင် ဝေးလံဒေသပြည်သူများအတွက် ထိုင်းတော်ဝင်မိသားစုက မိုဘိုင်းကျန်းမာရေးအဖွဲ့ စေလွှတ်မည်

439
Photo: Bangkok Post

မေလ ၃၁ ရက် ၊ ၂၀၂၆ ခုနှစ်၊ ကေအိုင်စီ

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း၊ မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ဝေးလံခေါင်းဖျားဒေသမှ ပြည်သူများ ခရီးစရိတ်မကုန်ကျဘဲ လွယ်ကူလျင်မြန်စွာ ကျန်းမာရေးဝန်ဆောင်မှု ရရှိနိုင်ရေးအတွက် ထိုင်းတော်ဝင်မိသားစု၏ ရွေ့လျားကျန်းမာရေးအဖွဲ့ကို စေလွှတ်သွားမည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထနင်း ဝီချပီနန် (Dr. Thanin Wicheanpreecha) က ကျန်းမာရေးဝန်ဆောင်မှု လက်လှမ်းမီရန် ခက်ခဲသော တောင်ပေါ်ဒေသ ပြည်သူများအတွက် အဆိုပါ ဆေးဘက်ဆိုင်ရာ ကွင်းဆင်းဆောင်ရွက်မှု အစီအစဉ်ကို ထိုင်းဘုရင်နှင့် ဘုရင်မကြီးတို့၏ လမ်းညွှန်မှုဖြင့် စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တော်ဝင်မိုဘိုင်းကျန်းမာရေးယာဉ်သည် မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ တောင်ပေါ် ကျေးရွာများသို့ သွားရောက်ကာ ဆေးဘက်ဆိုင်ရာ စစ်ဆေးမှု၊ ကုသမှုများနှင့်အတူ တယ်လီကျန်းမာရေး (Telehealth) စနစ်ဖြင့် အဝေးရောက် ဆေးဘက်ဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုများကိုပါ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ထို့အပြင် အဆိုပါကျေးရွာများရှိ မူးယစ်ဆေးစွဲနေသူများအတွက် မီသဒုန်း (Methadone) ဖြင့် ရေရှည်ကုသပေးမည့် အစီအစဉ်များလည်း ပါဝင်ပြီး တောင်ပေါ်ဒေသ ပြည်သူများအနေဖြင့် အစိုးရ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အတွင်း ဝင်ရောက်ကုသမှုခံယူနိုင်ရန် တိုက်တွန်းသွားမည်ဟု ဒေါက်တာ ထနင်းက ဖြည့်စွက်ပြောကြားသည်။

မယ်ဟောင်ဆောင်ဆေးရုံကြီး၏ ဒါရိုက်တာ ဒေါက်တာ ဝိုရာပတ် သွန်ထနန် (Dr. Woraphat Phonthanan) က တော်ဝင်အစီအစဉ်ဖြင့် လာရောက်မည့် မိုဘိုင်းကျန်းမာရေးယာဉ်သည် မယ်စရီယန်း၊ ပန်မာဖာ၊ မယ်လနွိုင် နှင့် မယ်ရာမို၊ မယ်လဦး ဒုက္ခသည်စခန်းများ တည်ရှိရာ ဆော့မွေ မြို့နယ်များအပါအဝင် ခရိုင်အတွင်းရှိ ဒေသအသီးသီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။