Home သတင်း TNLA ယမ်းဂိုဒေါင်ပေါက်ကွဲမှု သေဆုံးသူ (၅၀)နီးပါးရှိပြီး (၇၀)ကျော် ဒဏ်ရာရခဲ့

TNLA ယမ်းဂိုဒေါင်ပေါက်ကွဲမှု သေဆုံးသူ (၅၀)နီးပါးရှိပြီး (၇၀)ကျော် ဒဏ်ရာရခဲ့

388
Photo: Social Media

ဇွန်လ (၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာရှိ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA ၏ ယမ်းဂိုဒေါင်တွင် ယမန်နေ့ မေလ(၃၁)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ကောင်းတပ်ရွာနေ ဒေသခံ(၄၆)သေဆုံးပြီး (၇၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PSLF/TNLA နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

PSLF/TNLA ၏ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးတွင်အသုံးပြုသော ယမ်းများသိုလှောင်ထားရာဂိုဒေါင်တွင် မတော်တဆပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသအာဏာပိုင်အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ပေါက်ကွဲမှုကြောင့် ကောင်းတပ်ရွာမှ တစ်ရက်အတွင်းသေဆုံးသူ (၄၆)ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ (၇၄)ဦးကို နမ့်ခမ်းပြည်သူ့ဆေးရုံသို့ ကုသမှုခံယူရန် ပို့ဆောင်ပေးလိုက်ရကြောင်း မူဆယ်နှင့်နမ့်ခမ်းမြို့အခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ဆိုသည်။ ပေါက်ကွဲအားပြင်းထန်ခြင်းကြောင့် ကောင်းတပ်ရွာမှနေအိမ်အလုံး(၃၀)ထက်မနည်းလည်း အပျက်အစီးရှိခဲ့သည်။

Photo: Social Media

ထို့အပြင် ကျေးရွာအတွင်း အန္တရာယ်ရှိသည့်ယမ်းဂိုဒေါင်ထားရှိမှုအပေါ် လူမှုကွန်ရက်မီဒီယာမှတဆင့် အာဏာပိုင်အဖွဲ့သို့ လူထုဝေဖန်ပြောဆိုမှုများ ထွက်ပေါ်နေခြင်းရှိသည်။ PSLF/TNLA ဘက်ကမူ ပေါက်ကွဲမှုဖြစ်ပွားသည့်အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်၍ တာဝန်ရှိသူများကို ဥပဒေနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ပြောသည်။

ထိခိုက်သေဆုံးသွားသူများနှင့် နစ်နာခဲ့ရသူများအတွက် ကူညီကယ်ဆယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပြန်လည်ထူထောင်ရေးကို သက်ဆိုင်ရာနှင့်ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း PSLF/TNLA က အသိပေးဖော်ပြထားသည်။