ဧပြီ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့ပေါ်ရှိ စစ်ပွဲပဋိပက္ခကြောင့် မီးလောင်ပျက်စီးသွားသည့်နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရန် အိမ်ပိုင်ရှင်စစ်ရှောင်များ နေရပ်ပြန်လာရေး စစ်အုပ်စုကခေါ်ယူနေကြောင်း ကော့ကရိတ်မြို့ခံများပြောပြချက်အရ သိရသည်။
ဖားအံ-ကော့ကရိတ်-မြဝတီအာရှလမ်းမကြီး ဖွင့်လှစ်အပြီး ယခုဧပြီလအတွင်း မြို့ပေါ်တွင် တိုက်ပွဲကြောင့်မီးလောင်ပျက်စီးထားသော နေအိမ်များ ပြန်လည်ပြုပြင်ဆောက်လုပ်ရေး မြို့သို့ပြန်လာကြရန် စစ်အုပ်စု ဌာနဆိုင်ရာနှင့်တာဝန်ရှိသူများက နီးစပ်ရာမြို့ခံများမှတဆင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
“အဒေါ်တစ်ယောက်လေ ကော့ကရိတ်မြို့ပေါ်မှာအိမ်ရှိတယ်။ တိုက်ပွဲဖြစ်ပြီးသူ့အိမ်လည်းမီးလောင်တဲ့အထဲ ပါသွားတော့ ဟိုကအစည်းအဝေးခေါ်တိုင်းသူပြန်တာ ဆုံးရှုံးသွားတာတွေပြန်ရလိုရငြားပေါ့။ အခုလည်း အိမ်မီးလောင်သွားတဲ့သူတွေ ပြန်ဆောက်ဖို့ခေါ်လို့ ပြန်သွားတာ (၃)ရက်လောက်ပဲရှိသေးတယ်” ဟု နေရပ်ပြန်သူနှင့်နီးစပ်သည့် အမျိုးသမီးက ပြောသည်။
ကော့ကရိတ်မြို့တွင်းရှိ စစ်အုပ်စုနှင့်နီးစပ်ရာအသိုင်းအဝိုင်းထံ စုံစမ်းချက်အရ ကော့ကရိတ်မြို့ပြန်လည်ထူထောင်ရေး၊ မြေနေရာပြန်လည်ချထားရေးအတွက် လုပ်ငန်းစဥ်တစ်ရပ်ဖြစ်သလို သင်္ကြန်အပြီးတွင် မီးလောင်နေအိမ်များပြန်တည်ဆောက်နိုင်ရေး အစည်းအဝေးပြုလုပ်သွားရန် ရှိနေသည်။
“ကျနော်ကြားတာတော့မြေပြန်လည်ချထားပေးဖို့ ညှိနှိုင်းတုန်းပဲရှိပါသေးတယ်။ မီးလောင်သွားတဲ့အိမ်တွေအတွက်ပေါ့၊ ဒေသခံတွေကိုအစည်းအဝေးခေါ်မယ်ဆိုတာကလည်း သင်္ကြန်ပြီးလောက်မှပဲဖြစ်မယ်။ လက်နက်ကြီးထိတဲ့အိမ်တွေပါမပါတော့မသိဘူး။ ဓာတ်ပုံတော့လာရိုက်သွားပြီးပြီ။” ဟု ကော့ကရိတ်ဒေသခံ အမျိုးသားက ပြောသည်။
တော်လှန်ရေးအင်အားစုများစိုးမိုးထားသည့် ကော့ကရိတ်မြို့ကို စစ်အုပ်စုက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုနောက်ပိုင်းတွင်လည်း မြို့တွင်းတည်ငြိမ်အေးချမ်းပြီဟုဆိုကာ စစ်ဘေးရှောင်ဒေသခံများနေရပ်ပြန်နေရန် စစ်အုပ်စုက အကြိမ်ကြိမ်စည်းရုံးပြောဆိုမှုများ လုပ်ဆောင်ခဲ့သေးသည်။
သို့သော် မြို့တွင်းလက်နက်ကြီးမကြာခဏကျရောက်ပေါက်ကွဲမှုများရှိခဲ့ပြီး ကျေးရွာများဘက်တွင်လည်း ယနေ့အချိန်ထိ တိုက်ပွဲဖြစ်နေခြင်းကြောင့် လုံခြုံရေးစိတ်မချရသေးကြောင်းလည်း စစ်ဘေးရှောင်များထံမှ သိရသည်။
ကော့ကရိတ်မြို့ပေါ်နေ အမျိုးသမီးတစ်ဦးက “အိမ်ယာတွေပြန်ပေးမယ် ပြောပေမယ့် အခြေအနေက ဘယ်လိုဖြစ်မလဲမသိရတော့ ရွာပြန်ရင်ဘုန်းကြီးကျောင်းမှာပဲ နေဖြစ်တာများတယ်။ မြို့ပေါ်မှာငြိမ်သွားပြီဆိုပေမယ့် နောက်ထပ်တိုက်ပွဲတွေပြန်ဖြစ်လာမလားဆိုတဲ့ စိုးရိမ်စိတ်ရှိနေသေးတယ်။” ဟု ကေအိုင်စီကို ပြောသည်။
တဖက်တွင် နှစ်နှင့်ချီစစ်ရှောင်အခက်အခဲကြောင့် ကော့ကရိတ်မြို့တွင်းပြန်လာနေသူ မြို့ခံလည်း အများစုရှိသည်။ ထို့အတူ ပြန်လည်ထူထောင်ရေးအတွက် မြို့တွင်းရှိ ပျက်စီးအိမ်ခြေစာရင်းများကို ဓာတ်ပုံမှတ်တမ်းယူခြင်းနှင့် ကော်မတီဖွဲ့စည်းရန်ပြင်ဆင်လုပ်ဆောင်နေကြောင်း ကော့ကရိတ်နေ ကေအိုင်စီသတင်းအရင်းအမြစ်က ဆိုသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ရပ်ကွက်ပေါင်း (၇)ခုရှိ၍ ၂၀၂၄ ခုနှစ် နှစ်ဝက်တာကာလ ဒေသတွင်းသတင်းအရင်းအမြစ်များအရ တိုက်ပွဲအတွင်း ရပ်ကွက်နေအိမ်ပေါင်း (၅၀၀)ထက်မနည်း မီးလောင်ပျက်စီးခြင်းရှိခဲ့သည်။



















