Home သတင်း ဝေါလေဗျူဟာကုန်းအနီးရှိ ထီးညာလိဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီး တစ်ကျောင်းလုံး မီးလောင်ပျက်စီး

ဝေါလေဗျူဟာကုန်းအနီးရှိ ထီးညာလိဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီး တစ်ကျောင်းလုံး မီးလောင်ပျက်စီး

644
Photo: CJ

ဧပြီ ၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ မောခီးကျေးရွာအုပ်စု၊ ဝေါလေ အာဏာသိမ်းစစ်တပ် ဗျူဟာကုန်းအနီးရှိ ထီးညာလိဘုန်းကြီးကျောင်း ယနေ့ညနေတွင် ဗုံးကြဲခံရ၍ တစ်ကျောင်းလုံး မီးလောင်ပျက်စီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယနေ့ ညနေ ၅ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံရွာသားတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

၎င်းက “၅ နာရီ ၅၁ မိနစ်မှာ ၂ ကြိမ်လာရောက်ကြဲချသွားတယ်။ ဘုန်းကြီးကျောင်းဝင်းထဲ တည့်တည့်ကို ကျရောက်ပေါက်ကွဲသွားတော့ တစ်ကျောင်းလုံး မီးလောင်သွားတာပေါ့။” ဟု ကေအိုင်စီသို့ ပြောသည်။

Photo: CJ

ဘုန်းကြီးကျောင်း ဗုံးကြဲခံရမှုဖြစ်စဉ်အတွင်း ထိခိုက်သေဆုံးမှုအခြေအနေကို မသိရှိရသေးကြောင်း အဆိုပါ ဒေသခံက ဆက်ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့မှစ၍ ယနေ့အထိ စစ်အုပ်စု၏ ဝေါလေဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က စခန်းသိမ်းတိုက်ပွဲ လုပ်ဆောင်နေလျက်ရှိသည်။ ထိုအခြေအနေကြောင့် စစ်အုပ်စုမှ ဗုံးကြဲတိုက်ခိုက်မှုဖြင့် နေ့စဉ် လုပ်ဆောင်လျက်ရှိသည်။

ဝေါလေ တိုက်ပွဲဖြစ်စဉ်နှင့် စစ်အုပ်စု၏ ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် ဝေါလေကျေးရွာအပါအဝင် အနီးအနားရှိ ထောင်နှင့်ချီသော ဒေသခံရွာသားများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရပြီး အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိသည်ဟု သိရသည်။