Home သတင်း မူတြော်ခရိုင်တွင် မတ်လအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၀၀ သေဆုံးခဲ့

မူတြော်ခရိုင်တွင် မတ်လအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၀၀ သေဆုံးခဲ့

271
Photo: KNLA

ဧပြီလ ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူ‌တြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ-၅ နယ်‌မြေတွင် ပြီးခဲ့သည့် မတ်လတစ်လတာအတွင်း စစ်အုပ်စုတပ် အရာရှိများအပါအဝင် ၁၀၀ ကျော် သေဆုံးဒဏ်ရာရရှိခဲ့ ကြောင်း ယမန်နေ့ (ဧပြီလ ၃ ရက်) တွင် KNU မူတြော်ခရိုင်က ထုတ်ပြန်ထားသည်။

မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဖြစ်ပွားခဲ့သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် စစ်အုပ်စုတပ်တို့ကြား တိုက်ပွဲပေါင်း (၁၀၆ )ကြိမ် ဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်မှ အဆိုပါတိုက်ပွဲများအတွင်း စစ်အုပ်စုဘက်မှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်ကြပ်ကြီး ၃ ဦးအပါအဝင် ၂၁ ဦး သေဆုံးပြီး တပ်ရင်းမှူးတစ်ဦးနှင့် ဗိုလ်ကြီး ၂ ဦး အပါအဝင် ၉၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

ထိုသို့ မြေပြင်တွင် စစ်ရေးအရ အထိနာနေသည့် စစ်အုပ်စုတပ်သည် ၎င်းတို့၏ ရှေ့တန်းစခန်းများသို့ ရိက္ခာနှင့် အထောက်အပံ့များကို ကုန်းကြောင်းမှ မပို့ဆောင်နိုင်တော့ဘဲ လေကြောင်းမှတစ်ဆင့် မကြာခဏ ပို့ဆောင်လျက်ရှိကြောင်း KNU က ပြောသည်။

၎င်းအပြင် စစ်အုပ်စုက အရပ်သား ပြည်သူများရှိရာသို့ လက်နက်ကြီး (၁၉) ကြိမ်နှင့် လေယာဥ်ဖြင့် (၃၀) ကြိမ် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ (၆) ဦး သေဆုံးခဲ့ရပြီး (၂၆) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ထိုကဲ့သို့ အာဏာသိမ်းတပ်၏ လေကြောင်းနှင့် လက်နက်ကြီးများဖြင့်ပါ ဒရုန်းဗုံးကြဲ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သောကြောင့် ဘာသာရေးအဆောက်အအုံ တစ်လုံးအပါအဝင် နေအိမ် (၈၉) လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ယခုနှစ် ဖေဖော်ဝါရီ တစ်လအတွင်း တိုက်ပွဲပေါင်း (၉၁) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း စစ်တပ်ဘက်မှ (၁၃) ဦး သေဆုံးခဲ့ကြောင်း မတ်လ ၅ ရက်နေ့ ထုတ်ပြန်ခဲ့သည့် ကေအဲန်ယူ–ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်၏ လချုပ်မှတ်တမ်းအရ သိရသည်။

မူတြော်ခရိုင်တွင် ယခင်နှစ် ၂၀၂၅ ခုနှစ်၌ KNLA နှင့် စစ်အုပ်စုတပ်ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲပေါင်း (၁၁၁၃) ကြိမ်အတွင်း စစ်အုပ်စုတပ်ဘက်မှ (၂၈၄) ဦး သေဆုံးပြီး (၄၅၉) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု KNU ပြုစုထားသော စာရင်းအရ သိရသည်။