Home သတင်း ဖာပွန်ဗျူဟာမကျရေးနှင့် ကာကင်းစခန်းများပြန်ရရေး စစ်အုပ်စု လေကြောင်းသုံးတိုက်ခိုက်

ဖာပွန်ဗျူဟာမကျရေးနှင့် ကာကင်းစခန်းများပြန်ရရေး စစ်အုပ်စု လေကြောင်းသုံးတိုက်ခိုက်

905
Photo: NUG & Social Media

ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၅)/ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်ရှိ ဖာပွန်ဗျူ ဟာကုန်းစခန်းမကျရေးနှင့် သိမ်းပိုက်ခံထားရသည့် ကာကင်းစခန်းများပြန်ရရေး စစ်အုပ်စုက လေကြောင်းအသုံးပြုတိုက်ခိုက်နေကြောင်း တပ်မဟာ ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ကေအိုင်စီသို့ ပြောသည်။

ဒီဇင်ဘာ(၂၇)ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်က တိုက်ခိုက် သိမ်းပိုက်လိုက်သော ဖာပွန်ဗျူဟာကုန်းအနီးရှိ ကာကင်းစခန်းများကို ပြန်ရရေး စစ်အုပ်စုက လေကြောင်းစစ်ကူသုံးတိုက်ခိုက်မှုလုပ်ဆောင်နေသည်ဟု ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။

၎င်းက “တော်လှန်ရေးပူးပေါင်းတပ်က သူတို့(စစ်အုပ်စု)ကို ဝိုင်းထားတယ်။ သူတို့စခန်းတချို့၊ ဗျူဟာ အကာပေါ့လေ၊ အဲဒါတချို့ကိုတော့ တော်လှန်ရေးတပ်က ရပြီး။ ဗျူဟာအထိတော့ မရသေးဘူး။ အဲဒီကာကင်းစခန်းတွေပြန်ရဖို့ သူတို့ဘက်က တက်လာပစ်တာရှိတယ်။ စခန်းမကျရေးကတော့ လေကြောင်းပစ်ကူလည်းလာတယ်။” ဟု ပြောသည်။

လတ်တလောအထိ ကာကင်းစောင့်စစ်အုပ်စုတပ်ဖွဲ့ဝင်များက ဖာပွန်ဗျူဟာကုန်းအတွင်း ဆုတ်ခွာ၍ KNLA မဟာမိတ်တပ်ကို ခုခံလျက်ရှိသည်ဟု ကေအဲန်ယူက ပြောသည်။ မြေပြင်မှတက်လာသည့် စစ်အုပ်စုအကူတပ်ဖွဲ့များကလည်း ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခံရ၍ ကမမောင်းမြို့အထက်ဘက်ရှိ ဝါးဒူးကျေးရွာတစ်ဝိုက်တွင်သာ အခြေချနေရပြီး စစ်ကူမပေးနိုင်ကြောင်း သိရသည်။

Photo: NUG & Social Media

အဆိုပါ ဖာပွန်စစ်ဗျူဟာအခြေချစခန်းကုန်းတွင် စစ်အုပ်စု ခြေမြန်တပ်ရင်း ခမရ-၃၄၀၊ ခမရ-၃၄၁ တပ်ရင်းအင်အားနှစ်ခုပေါင်း အခြေချနေပြီး တပ်မဟာ (၅) နယ်မြေတွင် စစ်ရေးအရအရေးပါ သည့်စခန်းကြီးတစ်ခုဖြစ်ကြောင်း KNLA တာဝန်ရှိသူတို့က ပြောသည်။

ထို့အပြင် မူတြော်ခရိုင်အတွင်းရှိကျေးရွာများအပြင် တပ်မဟာ(၁)၊ ဒူးသထူခရိုင်အတွင်းရှိကျေးရွာများကိုပါ ၎င်းစခန်းမှ လက်နက်ကြီးအမြဲတစေပစ်ခတ်ခြင်းဖြင့် ဒေသခံပြည်သူများ၏အသက်အိုးအိမ်လုံခြုံရေးကို ခြိမ်းခြောက်လေ့ရှိသည့်စခန်းဖြစ်ကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

၂၀၂၄ ခုနှစ် မတ်လပိုင်းက တော်လှန်ရေးပူးပေါင်းတပ်များ ဖာပွန်မြို့ရှိစခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲကြရာတွင် ကျန်ရှိနေသည့် ထိုဗျူဟာစခန်းကို KNLA က ဝန်းရံပိတ်ဆို့ထားသည်မှာ နှစ်နှင့်ချီကြာမြင့်နေပြီဖြစ်သည်။ တဖက်စစ်အုပ်စုမှလည်း စခန်းမကျရေးအတွက် နယ်ခြားစောင့်တပ်-BGF၊ ဗိုလ်ဘိ DKBA အဖွဲ့ ကဲ့သို့သော ခွဲထွက်ကရင့်လက်နက်ကိုင်အဖွဲ့တချို့ အကူအညီယူလုပ်ဆောင်နေသည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပြောသည်။