Home ရွေးကောက်ပွဲသတင်း ကရင်ပြည်နယ်မဲရလဒ် တရားဝင်မထုတ်ပြန်သေး၍ လေ့လာစောင့်ကြည့်သူအချို့ ဝေဖန်

ကရင်ပြည်နယ်မဲရလဒ် တရားဝင်မထုတ်ပြန်သေး၍ လေ့လာစောင့်ကြည့်သူအချို့ ဝေဖန်

1090
Photo: CJ

ဒီဇင်ဘာ (၂၉) ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်(၃)ခုတွင် စစ်အုပ်စုကျင်းပသည့်ရွေးကောက်ပွဲရလဒ်အနိုင်ရ ပါတီစာရင်းအား ယနေ့ (ဒီဇင်ဘာ၂၉ ရက်) လက်ရှိသတင်းတင်ဆက်နေချိန်အထိ ပြည်နယ်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဘက်မှ တရားဝင်မထုတ်ပြန်သေးသဖြင့် လေ့လာစောင့်ကြည့်သူအသိုင်းအဝိုင်းမှ ဝေဖန်သံတချို့ထွက်နေကြောင်း သိရသည်။

အတုအယောင်ပွဲဟု ပြည်သူလက်ခံထားသည့် ရွေးကောက်ပွဲကို စစ်အုပ်စုက ကရင်ပြည်နယ်၌ကျင်းပရာတွင် ပထမပိုင်းအဖြစ် ဖားအံ၊ သံတောင်ကြီးနှင့် မြဝတီမြို့နယ်တို့ပါဝင်၊ ကျင်းပပြီးသည့်နောက် မဲရလဒ်တရားဝင်ကြေညာခြင်းမရှိသေးသော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ-USDP က အနိုင်ရရှိထားကြောင်း ပါတီနိုင်ငံရေးအသိုင်းအဝိုင်းမှ ပြောဆိုနေကြခြင်းဖြစ်သည်။

“မြို့နယ်၃ ခုလုံးမှာ ကြံ့ခိုင်ရေးနိုင်တယ်ဆိုပြီး သူတို့ ပါတီကိုယ်စားလှယ်တွေလိုင်းပေါ် တင်နေကြတယ်၊ ဘယ်လိုမဲရလဒ်နဲ့နိုင်တယ်ဆိုတာ အချက်အလက်မပါဘူး။ မဲရုံပိတ်ချိန်မှာလည်း ရလဒ်ကိုကြေညာတာမျိုးမရှိ၊ UEC ကလည်းမထုတ်ပြန်ဘူး။ စစ်တပ်နဲ့ ကရင်လက်နက်ကိုင်တွေလုံခြုံရေးအပြည့်ရှိနေတော့ ဘာလုပ်ကြတယ်ဆိုတာမသိရဘူး”ဟု လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောသည်။

မြဝတီမြို့နယ်အနေဖြင့် ယမန်နေ့ကရွေးကောက်ပွဲမဲထည့်ရာတွင် မဲရုံတစ်ရုံအတွက် သတ်မှတ်ထားသည့် ဆန္ဒမဲပိုင်ရှင်အရေအတွက် မပြည့်သလို ကျေးရွာများတွင် မဲလာထည့်သူ၊ မဲထည့်ရန်စိတ်ဝင်စားသူ နည်းပါးခဲ့ကြောင်းလည်း မြို့နယ်မဲပေးမှုအခြေအနေ စောင့်ကြည့်သည့်သတင်းအရင်းအမြစ်မှ သိရသည်။

Photo: CJ

ထို့အတူ ဖားအံမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးနယ်များတွင်လည်း မဲလာထည့်သူရာဂဏန်းဝန်းကျင်သာရှိ၍ မဲရုံတာဝန်ရှိသူများမှမဲစာရင်းများအား လိုအပ်သလိုဖြည့်စွက်မှုရှိသည်ဟု ဖားအံဘက်ကမဲရုံအခြေအနေအကဲခတ်သူ ကေအိုင်စီသတင်းအရင်းအမြစ်က ဆိုသည်။

“တောင်ကလေးအနောက်ဘက်ရွာတွေမှာ မဲရုံအနီးအနားကလူတွေလောက်ပဲ မဲထည့်ကြတာတွေ့တယ်။ တော်တော်များများမဲမထည့်ကြဘူး။ မဲခလုတ်မနှိပ်တတ်တာလည်းပါသလို မဲစာရင်းမပါလာတာလည်းပါတယ်။ မြို့ကိုပို့ဖို့မဲနည်းတော့ မြို့နယ်ရွေးကော်ကပြဿနာရှာမှာကြောက်ကြတယ်။ ကြည့်ကျက်ပြီးမဲစာရင်းပို့မယ်ဆိုတာမျိုး ကြားခဲ့ရတယ်”ဟု ၎င်းက ပြောသည်။

သံတောင်ကြီးမြို့နယ်တွင်လည်း ရွေးကောက်ပွဲမဲထည့်ဖို့ မဲရုံများဖွင့်လှစ်ရာတွင် စစ်အုပ်စုတပ်စခန်း၊ သင်တန်းကျောင်းများရှိသည့် နယ်မြေဧရိယာ၌သာ ထားရှိပြီး စစ်အုပ်စုမိသားစုအသိုင်းအဝိုင်းမှလွဲ၍ မဲပေးပြည်သူမရှိခဲ့ကြောင်း သိရသည်။

မြို့နယ်ပေါင်း(၁၀၂)မြို့နယ်မှာ ကျင်းပခဲ့သည့် ရွေးကောက်ပွဲပထမပိုင်းတွင် USDP က တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် အခြေအနေကောင်းမွန်ခဲ့သည်ဟုလည်း ပါတီကိုယ်စားလှယ်တချို့မှ သတင်းမီဒီယာများကို ဖြေကြားချက်အရ သိရသည်။