Home သတင်း မင်းလက်ပံရွာတိုက်ပွဲအတွင်း DKBA တပ်ဖွဲ့ဝင် ၂၀ ကျော်ကို လက်နက်များနှင့်အတူ KNLA မဟာမိတ်တပ် ထိန်းသိမ်း

မင်းလက်ပံရွာတိုက်ပွဲအတွင်း DKBA တပ်ဖွဲ့ဝင် ၂၀ ကျော်ကို လက်နက်များနှင့်အတူ KNLA မဟာမိတ်တပ် ထိန်းသိမ်း

625
Photo: CJ

နိုဝင်ဘာ ၂၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ရှိ မင်းလက်ပံရွာနှင့် အင်ကြင်းမြိုင်ရွာဘက်တွင် နိုဝင်ဘာ ၂၁ ရက်က ဖြစ်ပွားခဲ့သော စစ်အုပ်စုတပ်နှင့် KNLA မဟာမိတ်ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်စဉ်အတွင်း ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA တပ်ဖွဲ့ဝင် ၂၀ ကျော်ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။
ထိုနေ့ တိုက်ပွဲဖြစ်စဉ်တွင် ကျေးရွာအဝင်လမ်းမဘေးရှိ DKBA တပ်ဖွဲ့လုံခြုံရေးယူရသည့် ငွေလိမ် လုပ်ငန်း (ကျားဖျန့်) ခြံဝင်းဘက်မှ သေနတ်ပစ်ခတ်မှုလုပ်ဆောင်သည့်အတွက် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်က ၎င်းခြံဝင်းကို ဝင်ရောက်စီးနင်းကာ ထိုသို့ ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ မဟာမိတ်တပ်ဖွဲ့ဝင်တာဝန်ရှိသူတစ်ဦးက ပြောသည်။

လတ်တလော DKBA တပ်ဖွဲ့ဝင် ၂၀ ကျော်ကို KNLA ပူးပေါင်းတပ်ဘက်က ဖမ်းဆီးထိန်း သိမ်းလိုက် သည့်အခြေအနေနှင့်ပတ်သက်၍ သက်ဆိုင်ရာ တပ်ဖွဲ့တာဝန်ရှိ အကြီးအကဲများအား ဆက်သွယ် မေးမြန်းရာတွင် ဖြစ်စဉ်ကို အတည်ပြုပြောဆိုသော်လည်း အသေးစိတ်ကို ပြောဆိုခြင်းမရှိသေးပါ။

ထိုသို့ စစ်အုပ်စုနှင့် တိုက်ပွဲဖြစ်နေသည့် မင်းလက်ပံရွာအဝင်ဘက်နေရာသို့ စစ်အုပ်စုတပ်က အင်ကြင်း မြိုင်ရွာဘက်မှ ပစ်ခတ်နေသည့်အတွက် ယမန်နေ့ နိုဝင်ဘာ ၂၂ ရက်အထိ DKBA တပ်ဖွဲ့ ငွေလိမ်ခြံဝင်းများမှ အလုပ်သမားများ ထွက်ပြေးတိမ်းရှောင်မှုများရှိနေကြောင်း သိရသည်။

၎င်းအပြင် တိုက်ပွဲကြောင့် စစ်အုပ်စုတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ၊ လက်နက် ငယ်ကျည်ဆံများ ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ့်ကိုကင်းရွာဘက်သို့ ကျရောက်ပေါက်ကွဲ မှုရှိသည့်အတွက် ထိုင်းစစ်တပ်က မြန်မာဘက်အခြမ်းကို ဗလာကျည်ဖြင့် ပြန်လည် ပစ်ဖောက်သတိပေးမှုများ လုပ်ဆောင်ခဲ့ရသည်ဟု ထိုင်းသတင်းဌာနများ သတင်းဖော်ပြချက်အရ သိရသည်။

မင်းလက်ပံကျေးရွာ စစ်ဘေးရှောင်သူတစ်ဦးက “စစ်တပ်က အင်ကြင်းမြိုင်ဘက်ကနေ မင်းလက်ပံ ဘက် ပစ်၊ ဖလူးဘက်လည်း ပစ်တာမျိုးရှိတယ်။ PDF/KNU အဖွဲ့တွေကလည်း မင်းလက်ပံရော၊ ဖလူး ဘက်ရော ရှိနေတယ်။ ရွာက အကုန်သောင်ရင်းမြစ် သောင်ခုံပြင်နဲ့ ကိုင်းတောတွေဘက် ရှောင်နေရတယ်” ဟု ပြောသည်။

လတ်တလော မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ ဖလူးကျေးရွာလမ်းပိုင်း တလျှောက်တွင် KNLA မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်အုပ်စုတပ်၊ BGF တပ်များနှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။

DKBA တပ်ဖွဲ့များ ထိန်းချုပ်သည့် ငွေလိမ်ခြံဝင်းနေရာများတွင်လည်း စစ်အုပ်စုတပ်က ငွေလိမ်လုပ်ငန်းများ နှိမ်နှင်းဖမ်းဆီးမည့်သတင်းကြောင့် လက်ရှိစစ်ရေးအခြေအနေမှာ ပိုမိုရှုပ်ထွေးလာနေကြောင်း ကျေးရွာသတင်းအရင်းအမြစ်များက ပြောသည်။