Home သတင်း မင်းလက်ပံ တကျော့ပြန်တိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်း လုံခြုံရေး တိုးမြှင့်ချထား

မင်းလက်ပံ တကျော့ပြန်တိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်း လုံခြုံရေး တိုးမြှင့်ချထား

529
Photo credit to : เอก เกียรติศักดิ์ แม่สอด.

နိုဝင်ဘာ ၂၄ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်-ထိုင်းနယ်စပ် မြဝတီ၊ မင်းလက်ပံအနီးတဝိုက် တကျော့ပြန်တိုက်ပွဲများကြောင့် ထိုင်း နိုင်ငံဘက်ခြမ်းတွင် လုံခြုံရေး တိုးမြှင့်ချထားသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။

လတ်တလော မြဝတီမြို့ မင်းလက်ပံကျေးရွာတဝိုက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၆) မဟာမိတ်ပူးပေါင်းတပ် နှင့် စစ်အုပ်စု၏ တပ်မ ၂၂ တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး မြန်မာဘက်ခြမ်းမှ စစ်ဘေးရှောင် အများအပြားလည်း ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်လျက်ရှိသည်။

အဆိုပါ တိုက်ပွဲကြောင့် မဲဆောက်ဘက်ခြမ်းကို ၆၀ မမ အမြောက်ကျည်ဆံ ကျရောက်ခဲ့ပြီး နေအိမ် ၄ လုံးနှင့် ကား ၁ စီး ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ထို့နောက်တွင် ထိုင်းစစ်တပ်ဘက်မှ အငွေ့မှိုင်း ၁၂၀ မမ ကို သတိပေးချက် အနေဖြင့် ပြန်လည် ပစ်ဖောက်ခဲ့သည်ဟု ဆိုသည်။

Photo credit to : เอก เกียรติศักดิ์ แม่สอด.

မင်းလက်ပံ တိုက်ပွဲကြောင့် နယ်စပ်မျဉ်းတစ်ဖက်ကမ်း မဲဆောက်တွင်လည်း စိုးရိမ်မှုများ မြင့်တက်ခဲ့သလို ထိုင်း၏ အမှတ် (၃) စစ်ဒေသသည်လည်း နယ်စပ်တလျှောက် ကာကွယ်ရေး အတိုင်းအတာများကို အသင့်အနေအထား တိုးမြှင့်ချထားသည်ဟု ဘန်ကောက်ပို့စ် သတင်းဌာနက ယနေ့ ဖော်ပြထားသည်။

တိုက်ပွဲကြောင့် မဲဆောက်၊ မဲ့ကိုကင်းဘက်သို့ စစ်ရှောင်နေသော လူဦးရေ ၁၀၀ ကျော်အထိရှိပြီး ထိုင်း လုံခြုံရေးတပ်ဖွဲ့နှင့် နယ်မြေလုံခြုံရေး၊ ကူညီရေးအဖွဲ့တို့မှ ကူညီရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိရသည်။

နယ်စပ်တကျောတွင် တိုက်ပွဲများ ဖြစ်ပွားလာနိုင်သည့် အခြေအနေကြောင့် စစ်ဘေးရှောင်များကို ယခင်နှစ်ကဲ့သို့ ပြန့်ကျဲလာအောင် မစီစဉ်တော့ဘဲ မဲ့ကိုကင်းရွာ၌ နွားခြံတစ်နေရာတည်းတွင်သာ စုထားသွားမည်ဟု စစ်ဘေးရှောင်အရေး ကူညီနေသူများက ပြောသည်။